မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကြောင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားစေနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီယူကီက သတိပေးလိုက်သည်။
ယနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး အခြေအနေများ ဆွေး နွေးမည့် တံခါးပိတ် အစည်းအဝေး မတိုင်မီ ၎င်းက အထက်ပါအတိုင်း သတိ ပေးလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အော့သမန် ဟာရှမ် (Othman Hashim) နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) တို့က မြန်မာ့အရေး နောက်ဆုံးရ အခြေအနေများကို အစီရင်ခံကြမည်ဖြစ်သည်။
မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သည်မှာ ၅ နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော အကြမ်း ဖက်မှုများအပေါ် ယူကေအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ဆဲ ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများကို လျှော့ချပြီး ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ၎င်းက တောင်ဆးိုသည်။
မြန်မာစစ်တပ်အနေဖြင့် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ရပ်တန့်ရမည်ဖြစ်ပြီး ယခုဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်ရှိ မြောက်ဦးဆေးရုံကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရမှုကို ဗြိတိန်က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေမှာ ကပ်ဘေးဆိုက်နေဆဲ ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် လူပေါင်း ၁၆ သန်းကျော်မှာ အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်မည် ဖြစ်ကြောင်း၊ ဗြိတိန်အနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ သန်း ၁၀၀ ကျော် ထောက် ပံ့ပေးထားသော်လည်း အကူအညီပေးခွင့် ရမှသာလျှင် ထိုငွေကြေးပံ့ပိုးမှုများသည် အကျိုးသက်ရောက်မှု ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဗြိတိန်၏ ရပ်တည်ချက်မှာ ရှင်းလင်းပြီး အဓိပ္ပာယ်ပြည့်ဝသော မည်သည့်ရွေးကောက် ပွဲမဆို အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးမှုများ ရှိရန် လိုအပ်ကြောင်း၊ စစ်ကောင်စီက စီစဉ် နေသော ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ရှုမြင်ခံရမည့် အရိပ်အယောင် လုံးဝမရှိကြောင်း ၎င်းက ထောက်ပြထားသည်။
လက်ရှိအခြေအနေများအောက်တွင် ရွေးကောက်ပွဲကျင်းပခြင်းသည် အကြမ်းဖက်မှုများကို ပိုမိုလှုံ့ဆော်ပေးသကဲ့သို့ ဖြစ်စေနိုင်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်ကို ပိုမိုဝေးကွာသွားစေနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီယူကီက သတိပေးသည်။
ဗြိတိန်အနေဖြင့် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ အဓိကအခန်းကဏ္ဍကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ကို လိုလားသော မြန်မာပြည်သူများနှင့်အတူ ဗြိတိန်က အခိုင်အမာ ရပ်တည်ကြောင်း၊ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ၏ အစီအစဉ်တွင် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။




