ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်တပ်၏ အမိန့်ဖြင့် ဘွဲ့ရစာရင်းများကို သက် ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကောက် ခံနေပြီး စာရင်း ကောက်သည့် အကြောင်း အရာ မပြော၍ ပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။
ယခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ဘွဲ့ရစာရင်းများ လိုက်လံကောက်လျက်ရှိကြောင်း၊ ဘွဲ့ရဟုဆိုရာတွင် ဝိဇ္ဇာနှင့်သိပ္ပံ ရိုးရိုးဘွဲ့များမှ ဆရာဝန်၊ အင်ဂျင် နီယာ အပါအဝင် အသက်မွေးဝမ်းကြောင်းပညာဘွဲ့ရများပါမကျန် စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ရပ်ကွက်အုပ်ချုပရေးအဖွဲ့များက ဘွဲ့ရများ ရပ်ကွက်ရုံးတွင် စာရင်းလာပေးကြရန် လော်စပီကာများဖြင့် အော်ဟစ် ခေါ်ယူကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်း ယုဇနဥယျာဉ်မြို့တော်ထဲမှာ ဘွဲ့ရတွေ စာရင်းလာပေးဖို့ အုပ်ချုပ်ရေးရုံးကနေ လော်စပီကာနဲ့ အော်ခေါ်ပါတယ်။ ဘာလို့ စာရင်းပေးခိုင်းတာလဲ မပြောဘူး။ အမျိုးသမီး၊ အမျိုးသား အကုန်ပါတယ်။ စာရင်းပေးခိုင်းတာ၊ ရိုးရိုးဘွဲ့တွေရော
ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ရေကြောင်းဘွဲ့ စတဲ့ အသက်မွေးဝမ်းကြောင်းဘွဲ့တွေပါ အကုန်စာရင်းပေးခိုင်းတာ။ ဘာအကြောင်းကြောင်းမှ မပြောဘဲ စာရင်းပေးခိုင်းတော့ အကုန် စိုးရိမ်နေကြတယ်” ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူ အင်ဂျင်နီယာဘွဲ့ရ တစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း ဘွဲ့ရ စာရင်းများ လိုက်လံကောက်ယူနေကြောင်း သိရှိရသည်။
ထို့အတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း ဘွဲ့ရစာရင်းများ လိုက်လံကောက်ခံလျက်ရှိသည်ဟု သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင်လည်း ဘွဲ့ရ အမျိုးသားစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကောက်ခံလျက်ရှိကြောင်း မကွေးမြို့မှ မြို့ခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်း ရမည့် အသက်အရွယ်ကို အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဟု ပြဋ္ဌာန်းထားပြီး ကျွမ်းကျင်သူ(ဘွဲ့ရ) အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင် သူ(ဘွဲ့ရ) အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်တပ်၊ရဲနှင့်လ၀က အပါအဝင် ဌာနဆိုင်ရာများက သန်းခေါင်စာရင်း လိုက်လံကောက်ယူခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




