22 C
Yangon

အမေရိကန်တွင် ခိုလှုံခွင့်တောင်းသူများကို ဒိုမီနီကာကျွန်းနိုင်ငံသို့ ပို့ဆောင်ရန် အမေရိကန်နှင့် ဒိုမီနီကာနိုင်ငံတို့အကြား သဘောတူညီမှု ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

အမေရိကန်ပြည်ထောင်စုက ရွှေ့ပြောင်းအခြေချသူတွေကို ဖယ်ရှားရေး အစီ အစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံတဲ့ (Asylum Seekers) မြန်မာ အပါအဝင် နိုင်ငံတကာမှ လာရောက်တဲ့သူ တွေကို ဒိုမီနီကာကျွန်းနိုင်ငံဆီ ပို့ဆောင်မယ့် သဘောတူညီချက်ကို အမေရိကန်နဲ့ ဒိုမီနီကာနိုင်ငံတို့အကြား တနင်္လာနေ့ (ဇန်နဝါရီ ၅ ရက်) မှာ ရရှိခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ထရမ့်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး အမေရိကန်က ဒိုမီနီကာနိုင်ငံသားတွေအပေါ် ဗီဇာကန့်သတ်ချက်တွေ၊ အမေရိကန်ထဲဝင်ခွင့် တားမြစ်ချက်တွေနဲ့ ဖိအားပေးခဲ့ပြီးနောက်မှာ အခုလို ခိုလှုံခွင့်တောင်းသူတွေကို ဒိုမီနီကာနိုင်ငံက လက်ခံဖို့ သဘောတူညီချက် ရလာတာဖြစ်ပါတယ်။

ဒိုမီနီကာ ဝန်ကြီးချုပ် ရုစဗဲ့ စကဲရစ် (Roosevelt Skerrit) က ဒီအစီအစဉ်ဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အဓိက ကဏ္ဍတစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု ရာဇဝင် သမိုင်းကြောင်း ရှိသူတွေနဲ့ ဒိုမီနီကာနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့်သူတွေကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ခိုလှုံခွင့်တောင်းသူ ဘယ်လောက်အရေအတွက်ကို လက်ခံရမလဲ၊ ဘယ်အချိန်မှာ စတင်ပို့ဆောင်မလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ် ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒိုမီနီကာနိုင်ငံက လူဦးရေ ၇၂,၀၀၀ ကျော်ပဲရှိတဲ့ ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင် သော်မဆင် ဖွန်တိန်း (Thomson Fontaine) က “အစိုးရဟာ ဒီခိုလှုံခွင့်တောင်းသူတွေကို ဘယ်မှာ ထားမှာလဲ၊ ဘယ်လို ပြုစုစောင့်ရှောက်မှာလဲ၊ လူဦးရေ နည်းနည်းလေးပဲရှိတဲ့ နိုင်ငံမှာ ဒီလူတွေကို လက် ခံဖို့ အရင်းအမြစ် လုံလောက်ရဲ့လား” ဆိုပြီး ဝေဖန်မေးခွန်းထုတ်နေပါတယ်။

ထရမ့်အစိုးရက အခုလိုမျိုး ခိုလှုံခွင့်တောင်းသူတွေကို ပို့ဆောင်ဖို့အတွက် ဘီလိဇ် (Belize)၊ ပါရာဂွေး (Paraguay) တို့နဲ့လည်း အလားတူ သဘောတူညီချက်တွေ လက်မှတ်ထိုးထားသလို အခု တနင်္လာနေ့မှာပဲ အန်တီဂွါနှင့် ဘာဘူဒါ (Antigua and Barbuda) နိုင်ငံကလည်း အမေရိကန်ရဲ့ အဆိုပြုချက်ကို လက် မှတ်ထိုးလိုက်တယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့လကလည်း အမေရိကန်အစိုးရက ဒိုမီနီကာနဲ့ အန်တီဂွါ အပါအဝင် နိုင်ငံပေါင်း ၂၀ ကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်ပါတယ်။ အဲဒီ ကန့်သတ်ချက်တွေက ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) မှာ စတင် အာဏာတည်ခဲ့တာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article