မြန်မာစစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အဆင့်မှာ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ၊ ဖယ်ကျဉ်မှုတွေ နဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီရွေးကောက်ပွဲရလဒ်ကို ပယ်ချကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူး (Tom Andrews) က တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မဲပေးမှုတွေမှာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ဖို့ထက် စစ်အာဏာရှင်စနစ်ကို အမြစ်တွယ်စေဖို့ စစ်တပ်က စီစဉ်ထားတဲ့ “ပြဇာတ်တစ်ခု” သာ ဖြစ်တယ်လို့ တွမ်အန်ဒရူးက ဆိုပါတယ်။
“ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။ နိုင်ငံတကာကို လှည့်စားဖို့အတွက် မြန်မာပြည်သူတွေကို အတင်းအကျပ် ပါဝင်ခိုင်းနေတဲ့ ပြဇာတ်ကပြနေတာသာ ဖြစ်တယ်” လို့ တွမ်အန်ဒရူးက ပြောကြားခဲ့ပါတယ်။
စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲပေးသူအရေအတွက် အလွန်နည်းပါးခဲ့တယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကိုလည်း စစ်ကောင်စီက ဖျက်သိမ်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီရဲ့ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) က ပြည်သူ့လွှတ်တော်နေရာ ၉၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားပါတယ်။ ဒါဟာ စစ်တပ်က သူတို့ရဲ့ အာဏာကို တရားဝင်သယောင် ပြသနိုင်ဖို့ ကြိုတင်ဇာတ်ညွှန်းရေးထားတဲ့ အနိုင်ရမှုဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ရွေးကောက်ပွဲမှာ လူငယ်တွေကို စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာ၊ စစ်ဘေးရှောင်တွေနဲ့ ဝန်ထမ်းတွေကို လူသားချင်းစာနာမှု အကူအညီတွေ၊ မှတ်ပုံတင်နဲ့ အခြားဝန်ဆောင်မှုတွေ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာတွေ ရှိနေကြောင်း တွမ်အန်ဒရူးက ထောက်ပြပါတယ်။
လာမယ့် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နောက်ထပ် ရွေးကောက်ပွဲ အဆင့်တွေ ရှိနေပေမဲ့၊ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၆၅ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာပေါင်း ထောင်နဲ့ချီမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာက စစ်ကောင်စီဟာ နိုင်ငံအနှံ့ကို မထိန်းချုပ်နိုင်ဘူးဆိုတာ ပြသနေပါတယ်။
တွမ်အန်ဒရူးက နိုင်ငံတကာအနေနဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ စစ်ကောင်စီကို ဖယ်ရှောင်ကြဖို့နဲ့ ကျန်ရှိနေတဲ့ ရွေးကောက်ပွဲ အဆင့်တွေကို ဖျက်သိမ်းဖို့ ဖိအားပေးကြဖို့ တိုက်တွန်းထားပါတယ်။
“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိသင့်ပါတယ်။ ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်ကွပ်ပြီး အကြောက်တရား သွင်းနေသူတွေရဲ့ လက်ထဲမှာ မရှိသင့်ပါဘူး” လို့ သူက နိဂုံးချုပ် ပြောကြားပါတယ်။




