ရန်ကုန်၊ ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်တွင် တရုတ်နှင့်စစ်တပ်က ပူးပေါင်းလုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်သော မြစ်ဆုံဒေသကို ကြားကာလ အမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြေညာပြီး မည်သည့်စီမံကိန်းမှ မလုပ်ရန် တားမြစ်မိန့်ကိုလည်း ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (Interim Board for Heritage Administration – IBHA) သည် ကချင်ပြည်နယ်ရှိ မေခမြစ်နှင့် မလိခမြစ် ဆုံရာ “မြစ်ဆုံဒေသ” ကို သဘာဝအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၁ မှ ၇ အရလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၃ အရလည်းကောင်း ကြားကာလ၏ သဘာဝနှင့် ယဉ်ကျေးမှုအမွေ ပေါင်းစပ် အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျရောက်သော ယနေ့တွင် ကြေညာသည်။
တားမြစ်မိန့်များအနေဖြင့်လည်း ကြားကာလ အမွေအနှစ်ဒေသဖြစ်သည့် မေခ (အင်မိုင်ခ) နှင့် မလိခ မြစ်ဆုံရာ အငူစွန်း မှ အချင်းဝက် ၂၀ ကီလိုမီတာ ပတ်လည်ဧရိယာအတွင်း အကြီးစား ရေအားလျှပ်စစ်၊ အခြေခံအဆောက်အအုံနှင့် သယံဇာတ ထုတ်ယူရေး စီမံကိန်းများ မပြုလုပ်ရန်၊ စစ်ရေးရည်ရွယ်ချက်ဖြင့် နေရာချထားခြင်း၊ စခန်းတည်ဆောက်ခြင်း၊ လက်နက်အသုံးပြု၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းမပြုလုပ်ရန်၊ အမွေ အနှစ်ဒေသ၏ မူလအနေအထား ပျက်စီးစေရန် ပြုပြင်မွမ်းမံခြင်း၊ ပုံစံပြောင်းလဲခြင်း မပြုလုပ်ရန်၊ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်များကို ခိုးယူခြင်း၊ ရောင်းချခြင်း၊ တရားမဝင် ကုန်သွယ်ခြင်းမပြုလုပ်ရန် NUG က တားမြစ်ထားသည်။
မြစ်ဆုံဒေသသည် ဧရာဝတီမြစ်၏ မူလအစဖြစ်သကဲ့သို့ ထူးခြားသော ပထဝီသွင်ပြင်လက္ခဏာများ နှင့်အတူ သဘာဝအလှတရားဆိုင်ရာ အရေးပါသောနေရာဖြစ်ကြောင်း၊ ထိုဒေသတွင် စိမ့် စမ်း ရေတံခွန်များ၊ တောင်ကုန်းတောင်စွယ် အနိမ့်အမြင့်များ နှင့်ချိုင့်ဝှမ်းများအကြား အဖိုးတန်တွင်းထွက်များ၊ ဆေးဖက်ဝင် အပင်နှင့် များစွာသောအပင်မျိုးစိတ်များ၊ ရေတိမ်ဒေသငှက်များ၊ ဆောင်းခိုငှက်များ၊ ငါးမျိုးစိတ်များ စသည့်ဇီဝမျိုးစုံမျိုးကွဲ အလွန်ကြွယ်ဝသည့်ပြီး တိုင်းရင်းသားပြည်သူများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ မြတ်နိုးချစ်ခင်မှု နှင့် အသက်မွေးဝမ်းကျောင်းဘဝတို့နှင့်နက်ရှိုင်းစွာ ချိတ်ဆက်နေသော Living Heritage Landscape ဖြစ်သည့်အပြင် ထိုဒေသဝန်းကျင်အား ဘေးမဲ့တောအဖြစ် ၁၉၂၇ ကပင် သတ်မှတ်ခဲ့ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက်တည်ရှိခဲ့ကြောင်း၊ မြစ်ဆုံနှင့်ပတ်သက်၍ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကသက်ဆိုင်ရာ ပြည်တွင်းဥပဒေများအပြင် နိုင်ငံတကာ လူသားယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးဆိုင်ရာ စံနှုန်းများနှင့်အညီ တာဝန်ယူမှု ရှိစေရန် ဆောင်ရွက်သွားမည်ဟု NUG က ဆက်လက်ကြေညာသည်။
သို့ရာတွင် အဆိုပါ တားမြစ်ချက်များသည်ဒေသခံပြည်သူများ၏ ဥပဒေ၊ ဒေသဓလေ့ထုံးတမ်းနှင့်ညီညွတ်သော မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအပေါ် သက်ရောက်ခြင်း မရှိစေရဟု NUG က ထုတ်ပြန်ထားသည်။
၂၀၁၁ ခုနှစ်တွင် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာ၀တီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် စစ်တပ်အနေဖြင့် အဆင့်သင့်ရှိသည်ဟု တရုတ်နိုင်ငံသို့ တရား ဝင် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧရာ၀တီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းများကို အထောက် အထား ခိုင်လုံမှုမရှိဘဲ ကန့်ကွက်လျှင် ကန့်ကွက်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။




