24 C
Yangon

ရေဦးမြို့ပေါ်တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် ကျေးရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ​တိုက်နယ်ဆေးရုံများကို ဆက်တိုက်ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် ကျေးရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ​တိုက်နယ်ဆေးရုံများကို ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်အနောက်ခြမ်းဇုန် သတင်း ဆက်သွယ်ရေးတာဝန်ခံ ကို ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ရေဦးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ လေးရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် အစောပိုင်း ၃ နာရီ ၅၉ မိနစ်ခန့်တွင်လည်း ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းအနီးကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ထပ်မံ ဗုံးကျဲတိုက်ခိုက်သွားကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်တွင်လည်း ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲတိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဘုန်းကြီးကျောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းဘက်ကို နံနက်အစောပိုင်းက ကျဲသွားတာက ဘုန်းကြီးကျောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်။ ရေဦးမြို့ပေါ် တရားမဝင် ခွေးကောက်ပွဲလုပ်နေချိန် အကြမ်းဖက် စစ်တပ်က လူမဆန်စွာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း ဆေးရုံဆေးခန်း ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက် ဗုံးပတ်ကျဲနေတာဟာ ကြီးလေးသော စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ကျနော်တို့ရဲ့ ပြည်သူတွေဟာလည်း စစ်ရေးပစ်မှတ်မဟုတ်ပါဘူး။ ပြည်သူတွေကို တိုက်ခိုက်နေခြင်းဟာလည်း စစ်ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း သိစေချင်ပါတယ်။ အခုလိုအကြောင်းမဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာတွေကို လေကြောင်းတိုက်ခိုက် ဗုံးကျဲနေတာတွေကို ကန့်ကွက်ရှုံ့ချပါတယ်” ဟု ရေဦးမြို့နယ်အနောက်ခြမ်းဇုန် သတင်း ဆက်သွယ်ရေးတာဝန်ခံ ကို ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ရေဦးမြို့နယ် အနောက်ခြမ်း တမာတောရွာ တိုက် နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော ရေဦးမြို့နယ် အနောက်ခြမ်း တမာတောရွာ တိုက် နယ်ဆေးရုံ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article