24 C
Yangon

အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကြောင့် ယမန်နှစ်အတွင်း အရပ်သားပြည်သူ ၃,၀၀၀ နီးပါး သေဆုံး

Must read

ရန်ကုန်၊ဇန်နဝါရီ ၁၁

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်၊ တစ်နှစ်အတွင်း တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် စစ်ရာဇဝတ်မှုပေါင်း ၃,၆၅၁ ကြိမ် ထက်မနည်း ကျူးလွန်ခဲ့ပြီး အရပ်သား ပြည်သူ ၃၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း Spring Revolution Database (SRD) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကျူးလွန်မှုများတွင် လေကြောင်းတိုက်ခိုက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ အဓမ္မစစ်သားစုဆောင်းမှုနှင့် နေအိမ်များမီးရှို့ဖျက်ဆီးမှုများ အဓိကပါဝင်နေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

၁ နှစ်တာအတွင်း အကြမ်းဖက် စစ်အုပ်စု၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အရပ်သား ၂,၈၃၁ ဦး သေဆုံးခဲ့ရပြီး သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ကာ ဂျက်ဖိုက်တာ၊ ဒရုန်း၊ စက်တပ်လေထီးနှင့် ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၉၁၁ ဦး အသက်ဆုံးရှုံးခဲ့ရ‌ကြောင်း၊ ထို့ပြင် လက်နက်ကြီးထိမှန်မှုကြောင့် ၃၅၄ ဦးနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ၂၅၃ ဦး သေဆုံးခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၆,၄၄၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချ၍ လူငယ်များကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကာ အချို့ဖြစ်စဉ်များတွင် စစ်မှုထမ်းရန်စာရင်းပါသူ ထွက်ပြေးတိမ်းရှောင်ပါက မိသားစုဝင်များကို အစား ထိုးဖမ်းဆီးခြင်းနှင့် စိတ်ဝေဒနာရှင်များကိုပင် စစ်သားအဖြစ် ရောင်းစားခြင်းများ ရှိခဲ့သည့်အပြင် အဆိုပါ ဖိအားများကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသူ အရပ်သား ၅ ဦးထက်မနည်း ရှိခဲ့ကြောင်း အစီရင်ခံစာအရ အရ သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူပိုင်နေအိမ် ၇,၆၂၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မန္တလေးတိုင်းတွင် အများဆုံး ၁,၉၀၄ လုံး၊ မကွေးတိုင်းတွင် ၁,၈၈၇ လုံး နှင့် စစ်ကိုင်းတိုင်းတွင် ၁,၈၅၈ လုံး အသီးသီး မီးရှို့ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နှင့် ရုရှားနည်းပညာများဖြစ်သော Person Scrutinization and Monitoring System (PSMS) ကို အသုံးပြု၍ လေဆိပ်၊ ကားဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် တော်လှန်ရေးလူငယ်များနှင့် CDM ဝန်ထမ်းများကို မျက်နှာမှတ်မိစနစ် (Facial Recognition) ဖြင့် စောင့်ကြည့်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။

SRD အနေဖြင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန်နှင့် ကျူးလွန်သူများကို ပြည် တွင်း၊ ပြည်တကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရန် ရည်ရွယ်၍ မှတ်တမ်းပြုစုကာ အဆိုပါ အစီ ရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားရသော အရပ်သား ပြည်သူများ၏ နာရေးမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article