24 C
Yangon

ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် SAC-M က တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်တပ်ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က တိုက်တွန်းသည်။

မြန်မာနိုင်ငံအနှံ့ဆန့်ကျင်ကန့်ကွက်မှုများ၊ ရွေးကောက်ပွဲပထမပိုင်း လာရောက်မဲပေးသူ အလွန်နည်းပါးသည့်အခြေအနေများနှင့် နေရာအနှံ့ ရွေးကောက်ပွဲဆိုင်ရာမူမမှန်မှုများကို ဂရုမစိုက်ဘဲ မြန်မာစစ်အုပ်စုက ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန် စီစဉ်နေကြောင်း၊ ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲပထမပိုင်းတွင် အရှက်တကွဲ ဖြစ်ခဲ့ရကြောင်း၊ နေရာအနှံ့ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်မှုများသည် စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုကို ဆက်လက်ငြင်းပယ်ကာ တွန်းလှန်ဖီဆန်နေသည့် မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ပြတ်သားမှုကို ပြသနေကြောင်း SAC-M က ဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ လူသူကင်းရှင်းနေသော မြို့ပြလမ်းမများနှင့် မဲပေးသူမရှိသောမဲရုံများသည် စစ်အုပ်စု၏ တရားဝင်မှုလုံးဝမဲ့နေသောအဖြစ်ကို ထပ်မံပေါ်လွင်စေလျက်ရှိကြောင်း SAC-M က ထောက်ပြသည်။

“မြန်မာပြည်သူတွေက သူတို့ဆုံးဖြတ်ချက်ကို ချပြထားပြီးသားပဲ။ ပြည်သူတွေက စစ်အုပ်စုနဲ့ သူရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြတယ်။ ရွေးကောက်ပွဲပထမပိုင်းဟာ စစ်အုပ်စုက လုံးဝလူတကာရယ်စရာဖြစ်တယ်ဆိုတာကို ပေါ်လွင်စေရုံထက်မပိုပါဘူး။ ဒါကိုပဲ ဘာလို့ ရွေးကောက်ပွဲ ဆက်လုပ်နေဦးမှာလဲ။အာဆီယံအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာအစိုးရတွေဟာ အလိမ်အညာရွေးကောက်ပွဲကို ယတိပြတ် ငြင်းပယ်ပြီး ဒီရုပ်ပျက်ဆင်းပျက်လုပ်ရပ်ကို အဆုံးသတ်ရပါမယ်။ ပြီးရင် မြန်မာနိုင်ငံရဲ့ တရားဝင် ဒီမိုကရေစီ အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရပါမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) ၏အဖွဲ့ဝင် Yanghee Lee ကပြောသည်။

အတုအယောင်ရွေးကောက်ပွဲသည် စစ်အုပ်၏ ကိုယ်ပွားပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေးအတွက် အခိုင်အမာ အကွက်ချထားသောလုပ်ဇာတ်တစ်ခုဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံရေးပါတီများနှင့် အထူးသဖြင့် လူထုထောက်ခံမှုအများဆုံးရရှိထားသောပါတီများသည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပိတ်ပင်ခံထားရကာ ဒီမိုကရေစီ ခေါင်းဆောင်များသည်လည်း နိုင်ငံရေးအကျဉ်းသားများအဖြစ် ပိတ်လှောင်ခံထားရကြောင်း ထောက်ပြသည်။

ဓာတ်ပုံ- AFP။

ရွေးကောက်ပွဲပထမပိုင်း၌ မဲရုံအများအပြားတွင် မဲပေးသည့်အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့ကာ အချို့သောအခြေအနေများတွင် မဲရုံများမဖွင့်မီ နာရီပိုင်းအလိုတွင် ဖျက်သိမ်းခဲ့ကြောင်း၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲများသည် ဒီမိုကရေစီမဟုတ်သည့် ရက်စက်သော အာဏာရှင်နိုင်ငံ အနည်းငယ်ကပေးသည့်တရားဝင်မှုကိုပင် ရသလောက်ယူမည်ဟူသည့် တရားဝင်မှုရရှိရေး ကြံရာမရ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ အဓိပ္ပါယ်မရှိသော လုပ်ရပ်ကို ချက်ချင်းအဆုံးသတ်နိုင်ရေး အတူတကွဝိုင်းဝန်းတောင်းဆိုရန်နှင့် စစ်အုပ်စုကို မည်သည့်ပုံစံတွင်မဆို ပြတ်ပြတ်သားသား ငြင်းပယ်ရန် မဖြစ်မနေလိုအပ်ကြောင်း SAC-M က တိုက်တွန်းသည်။

ထိုသို့ပြုလုပ်ရန်ပျက်ကွက်ပါက ဒေသတွင်းရှိ အာဏာရှင်စနစ်ဘက်ယိမ်းနေသော အာဏာပါဝါကို ဆာလောင်နေသည့် စစ်ဗိုလ်ချုပ်များအားလုံးကို မီးစိမ်းပြလိုက်သလိုဖြစ်သွားကာ တဖြေးဖြေး လုံးပါးပါးလာနေသော နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကိုလည်း ရေရှည်ထိခိုက်နစ်နာမှု ဖြစ်စေပါလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ထောက်ပြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါ ဖြစ်စေပါလိမ့်မည်ဖြစ်ကြောင်း၊ အစီရင်ခံစာများအရပြီးခဲ့သောလအနည်းငယ်အတွင်းတွင် စစ်ကိုင်းတိုင်းတစ်ခုထဲတွင်ပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရကြောင်း၊ စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ အဓမ္မနေရပ်စွန့်ခွာထွက်ပြေးစေခြင်း နှင့် လူသားချင်းစာနာမှုအကူအညီများကို ဟန့်တားထိန်းချုပ်ခြင်း စသည့်နည်းလမ်းများဖြင့် အတိုက်အခံများဟုယူဆသူများကို ဆက်လက် နှိပ်ကွပ်လာခဲ့ကြောင်း ဝေဖန်ထားသည်။

ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို အဆုံးသတ်ရန် နိုင်ငံတကာဘက်က အရေးတကြီး အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်နေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအပါအဝင် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် စစ်အုပ်စု၏စစ်ယန္တရားများကို ဟန့်တားနိုင်ရန် စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းနှင့် လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို အလုံးစုံ တားမြစ်ပိတ်ပင်နိုင်အောင် ဆောင်ရွက်ရမည်။ ထို့ပြင် စစ်အုပ်စုထံ ငွေကြေးမစီးဆင်းနိုင်အောင် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများလည်း ပြုလုပ်ရန် တိုက်တွန်းသည်။

စစ်အုပ်စုကရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ရန် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ၎င်းတို့ ကျူးလွန်ထားသော ရက်စက်ကြမ်းကြုတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနေသော ပြည်တွင်းတရားရုံးများ ရှေ့မှောက် ခေါ်ဆောင်စစ်ဆေးနိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာပြည်သူများနှင့် ၎င်းတို့၏ စစ်မှန်သော ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒများ၊ မျှော်မှန်းချက်များနှင့် အတူရပ်တည်ကြရန် SAC – M ကတောင်းဆိုသည်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်ပေါ်လာရေး ကတိကဝတ်ပြု ကြိုးပမ်းတည်ဆောက်နေကြသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင်ဒီမိုကရေစီအင်အားစုများကို ပိုမိုခိုင်မာအားကောင်းသော ပံ့ပိုးကူညီမှုများ ပေးနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC-M က ဆက်လက် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article