31 C
Yangon

ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုး ပါဆယ်ပို့သမားကို မြန်မာအလုပ်သမားတချို့က ထိုးကြိတ်မှု ထိုင်းမျိုးချစ်အဖွဲ့များက ကြားဝင်လာပြီး ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမားများကို ရှာဖွေနေ၊ ထိုင်းရောက် မြန်မာများ အထူးသတိထားနေထိုင်ရမည့် အခြေအနေဟု သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားများနှင့် မြန်မာအလုပ်သမားတချို့အကြား ရန်ဖြစ်ထိုး ကြိတ်မှု ထိုင်းမျိုးချစ်အဖွဲ့များက ကြားဝင်လာပြီး ထိုးကြိတ်ခဲ့ မြန်မာအလုပ်သမားများကို ရှာဖွေနေကြောင်း ထိုင်းမျိုးချစ်အဖွဲ့များ ကတရားဝင် သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် အစားအသောက်ပို့ဆောင်သူ ထိုင်းနိုင်ငံ သား ပါဆယ်ပို့သမားနှင့် မြန်မာအလုပ်သမားတချို့အကြား ကားနှင့်ဆိုင်ကယ် ငြိကြရာမှ ရန်ဖြစ်စကားများကြောင်း၊ မြန်မာအလုပ်သမားတချို့က ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း၊ အထိုးခံခဲ့ရသော ထိုင်းနိုင်ငံသားအတွက် ထိုင်းနိုင်ငံသား ၁၀၀ ကျော်က ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမားများ အလုပ်လုပ်ခဲ့သည့် စားသောက်ဆိုင်ရှေ့တွင် စုရုံးရောက်ရှိခဲ့ကြောင်း၊ ထိုင်းမျိုးချစ် အဖွဲ့များလည်း ထိုးကြိတ်ခဲ့သော မြန်မာများကို ရှာဖွေရန်ဟုဆိုကာ အဆိုပါ စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာအလုပ်သမားများ အလုပ်လုပ်နေသည့် စားသောက်ဆိုင်ကို ယာယီပိတ်သိမ်းထားရကြောင်း သိရှိရသည်။

“ဒီပြဿနာရဲ့ မီးပွားက မပြီးလောက်ဘူး ထပ်ပြီးတော့ လာနိုင်တယ်။ မြန်မာနိုင်ငံသားတွေလည်း အထူးသတိထားရမှာ။ ကိုယ့်နိုင်ငံအခြေအနေမကောင်းလို့ ထိုင်းနိုင်ငံကို မှီခိုပြီး လုပ်ကိုင်စားသောက်နေသူတွေ လည်း ရှိတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု မင်းအောင်လှိုင်ကြောင့် စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ တော်လှန်ရေးကြောင့် လာရောက် ခိုလှုံနေသူတွေရှိတယ်။ ဒီလိုလူတွေအတွက် ဒီလိုဖြစ်စဉ်တွေက အနေကျပ်စေတယ်။ ထိုင်းလူမျိုးတွေရဲ့ မုန်းတီးမှုကို မြန်မာတွေ ရစေတယ်။ အခုဆိုရင် ကမ္ဘောဒီးယားနဲ့ ထိုင်းစစ်ပွဲမှာ မြန်မာတွေက ကမ္ဘောဒီးယားတွေလို မဟုတ်ဘူး အေး အေးဆေးဆေးနေကြတယ်ဆိုပြီး ချီးကျူးနေကြတဲ့ အနေအထားကနေ ဒီကောင်တွေ အုပ်စုဖွဲ့ လူမိုက် လုပ်လိုက်တာသည် အေးအေးဆေးဆေးနဲ့ ထိုင်းနိုင်ငံကို မှီခိုနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတော်များများ ဒီ အကျိုးဆက်က အခက်တွေ့သွားစေနိုင်တယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ထိုင်းလူမျိုး ပါဆယ်ပို့သမားကို ထိုးကြိတ်ခဲ့သော မြန်မာအလုပ် သမားတချို့ အလုပ်လုပ်ရာ စားသောက်ဆိုင် အလုပ်သမားခေါင်းဆောင် မြန် မာမှာလည်း ထွက် ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း၊ အဆိုပါ မြန်မာများမှာ ထိုင်းနိုင်ငံသားကို တမင်ရန်စ၍ ထိုင်းရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်ကို ကျပ်တည်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအဖြစ် သံသ ယ ဖြစ်ဖွယ်ရာများ မြင်တွေ့ရကြောင်း ထိုင်းရောက် အလုပ်သမားအရေးကျွမ်း ကျင်သူတချို့က သုံးသပ်သည်။

“ အဲဒီ စားသောက်ဆိုင်က မကြာခဏ အခမဲ့တွေ ကျွေးတယ်။ အခု ဒီဖြစ်စဉ် ဖြစ်တဲ့အချိန်မှာလည်း ၁၀ ရက် တိတိ အခမဲ့ ကျွေးမယ်လို့ ကြေညာထားတာ။ ၆ ရက်မြောက်နေ့ အဲဒီလို အခြေအနေမှာ ဒီဖြစ်စဉ် ထဖြစ်တာ ။ ထူးဆန်းတယ်။ ပြီးတော့ ထိုင်းလူမျိုးကို မြန်မာတစ်ယောက်က ကိုယ့်ဘက်က ကားမောင်း ရင်းနဲ့ ဆိုင်ကယ်ကို တိုက်မိမလို ဖြစ်လို့ ဆိုင်ကယ်က ဟွန်းတီးပြီး သတိပေးလိုက်တဲ့ အခြေအနေမှာ စိန်ခေါ်တာပေါ့နော်။ မြန်မာက ပြဿနာ စရှာတဲ့ ပုံစံ၊ မီးပွားတစ်ခုကို စဖန်တီးတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်ကတော့ ဒီစားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ မြန်မာပြည်သားတွေ ဒီပြဿနာကို စတင်မီးမွှေးတဲ့ မြန်မာပြည်သားတွေ စိတ်ထဲ သိပ်မသင်္ကာဘူး။ ပြဿနာမရှိဘဲ အေးအေးဆေးဆေးဖြစ်နေတဲ့ အခြေအနေမှာ ထိုင်းရောက် မြန်မာတော်လှန်ရေးသမားတွေ ၊ မြန်မာတွေကို အနေအထိုင် ကျပ်အောင် လုပ်ရကိုင်ရ ခက်အောင် မီးစမွှေးလိုက်တဲ့ အခြေအနေဖြစ်နေတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

လက်ရှိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် ကမ္ဘောဒီယားနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စစ်ပွဲကို အာရုံရောက်နေသည့် ထိုင်းနိုင်ငံသားများ၏ အာရုံသည် မြန်မာနိုင်ငံသားများဘက်သို့ ပြန်လှည့်လာကြောင်း၊ ထိုင်းလူမှုကွန်ရက်များ၊ ထိုင်းပေ့ချ်များတွင် ထိုင်း နိုင်ငံသားများ စိတ်ဆိုးဒေါသထွက်ပေါက်ကွဲနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article