ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များအကြား ယနေ့ နံနက် အစောပိုင်းမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး ကြို့ပင်ကောက်မြို့နှင့် ၁ မိုင်ခန့်သာ ကွာ ဝေးသော ရန်ကုန်-ပြည်လမ်း အနီးရှိ ရှမ်းကွင်းကျေးရွာလမ်းဆုံတွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း အကြမ်းဖက် စစ်တပ် လော်ဘီများက PDF တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း များပါ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က တုံ့ပြန်ပြောဆိုသည်။
“တိုက်ပွဲဖြစ်တာကတော့ ဟုတ်ပါတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ကျနော်တို့လည်း အ တည် မပြုနိုင်သေးပါဘူး။ ဒီနေ့ နံနက်အစောပိုင်းကဖြစ်တာပါ။ တိုက်ပွဲဖြစ်တဲ့ ရှမ်းကွင်းရွာက ရန်ကုန်-ပြည်လမ်း ဘေးကရွာပါ။ ကြို့ပင်ကောက်မြို့နဲ့ သိပ်မဝေးဘူး။ တိုက်ပွဲကြောင့် လမ်းပိုင်းပိတ်သွားတာတော့ မရှိပါဘူး။ တိုက်ပွဲဖြစ်စဉ်ကတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့လည်း ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူး” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြော ဆိုသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ကလညး မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းပိုင်း အုတ်တွင်းကျေးရွာအနီးရှိ စစ်ကွင်းတာဆုံ နှင့် တာဆုံအနီး ဘုရားကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကွင်းတာဆုံ ဂိတ်စခန်းမှ ဗိုလ်ကြီး ၁ ဦး နှင့် တပ်ကြပ်ကြီး ကြည်သိန်း အပါအဝင် စစ်သားနှင့် ပျူစောထီး ၁၅ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်-ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လုံခြုံရေးယူထားသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




