မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကက ထပ်မံပြောဆိုလိုက်သည်။
အာဆီယံအဖွဲ့အနေဖြင့် စစ်အုပ်ချုပ်ရေးအောက်ရှိ မြန်မာနိုင်ငံတွင် လက်ရှိ ဆက်လက်ကျင်းပနေသည့် အဆင့်လိုက် ရွေး ကောက် ပွဲများသို့ စောင့်ကြည့်ရေးအဖွဲ့ မပို့ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားသည်။
မလေးရှား လွှတ်တော်တွင် လွှတ်တော်အမတ်တစ်ဦး၏ မေးခွန်းကို ပြန် လည် ဖြေကြားစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာဘက်မှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပို့ရန် တောင်းဆိုမှုကို ယခင် နှစ် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပယ်ချခဲ့ကြောင်း၊ သို့သော် အဖွဲ့ဝင်နိုင်ငံတချို့က ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် စောင့်ကြည့်ရေးအဖွဲ့ ပို့ခဲ့ကြောင်း ရှင်းပြသည်။
“အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ မပို့ဘူးဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားပြီးသားပါ။ အဲဒီကြောင့် ဒီရွေးကောက်ပွဲကိုလည်း အာဆီယံအနေနဲ့ အသိအမှတ်မပြုပါဘူး” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မလေးရှားလွှတ် တော်တွင် ထုတ်ဖော်ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စစ်အာဏာသိမ်းမှုကို တရားဝင်စေလိုသည့် ကြိုးပမ်းမှုအဖြစ် ဝေဖန်ထားကြသည်။
စစ်တပ်၏ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူနည်းပါးပြီး ပထမအဆင့်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၈၈ ရာခိုင်နှုန်းအနိုင်ရရှိထားသည်။




