32.8 C
Yangon

ကောလင်း၊ ရေဦးနှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ သေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Kawlininfo ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်မှ စတင်ပြီး မွန်းလွဲ ၂ နာရီကျော်ထိ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဘေးလွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိ ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိချိန်ထိတော့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့မြောက်ဘက်အထွက်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးမှ တပ်စွဲထားသော အထိုင်ဂိတ်က လက်နက်ကြီးများဖြင့် ဖိန်းကားကျေးရွာထဲကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရွာထဲကို ထပ်ပစ်မှာဆိုးလို့ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်။ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးက ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့နယ် မြောက်ဘက်ရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှာ တက်လာသော စက်တပ်လေထီး ၁ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မလှိုင်မြို့နယ် မြောက်ဘက်ရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မနေ့က ညပိုင်း ၈ နာရီကျော်မှာ စစ်ခွေး စက်တပ်လေထီး ၁ စီးက ဗုံး ၃ လုံးကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ အဲဘက်တွေက ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ် အတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ယာဉ်တစ်စီး မီးလောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article