ရန်ကုန်၊ ဇန်နဝါရီ ၂၂
အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ယနေ့ ညွှန်ကြားချက် ထုတ်ပြန်လာသည်။
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြရန် ၊တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန် စစ်တပ်က ညွှန်ကြားလာသည်။
ထောက်ခံပွဲများတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန် စစ်တပ်က ညွှန်ကြားထားသည်။
ရန်ကုန်နှင့် မန္တလေးတို့တွင် ပြုလုပ်မည့် ICJ တရားရုံး နှင့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများအတွက် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များက ဦးဆောင်ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
လာမည့် ဇန်န ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်နှင့်မန္တလေးတွင် ဂမ်ဘီယာကန့်ကွက်ပွဲများပြုလုပ်ရန် သဘောတူညီခဲ့ပြီး လိုအပ်သော ငွေကြေးကို စစ်တပ်ထံမှ တောင်းယူမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို စာရင်းဇယားနှင့်တကွ တွက်ချက်၍ တင်ပြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။
ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်သည့် ရှုတ်ချ ဆန္ဒပြပွဲကို ရန်ကုန်တွင် မတ်လ ၂၇ ရက်နေ့ ၊ မွန်း လွဲ ၂ နာရီ ကြေးသွန်းဘုရားရှေ့တွင်လည်းကောင်း၊ မန္တလေးတွင် မတ်လ ၂၇ ရက်နေ့ ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းတွင်လည်း ကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ICJ တရားရုံးတွင် ယခု ဇန်နဝါရီလအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးလျက်ရှိပြီး တရားလိုဂမ်ဘီယာနှင့် တရားပြိုင် မြန်မာစစ်တပ်တို့က အသီးသီးလျှောက်လဲချက်များ ပေးလျက်ရှိသည်။




