ရန်ကုန်၊ ဇန်နဝါရီ ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာရှိ နာရေးဆုတောင်းပွဲ နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဝန်းကျင်သေဆုံးသွားကြောင်း KIAစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗန်းမော်မြို့ အနောက်ဘက်ခြမ်း၊ ကောင်ဂျာ ကျေးရွာအတွင်းရှိ နာရေး ဆုတောင်းပွဲနေအိမ်ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ ပထမအကြိမ် ဗုံးကျဲပြီးနောက် ၀ရုန်းသုန်းကားဖြစ်နေချိန် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲခဲ့သဖြင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အလွန်များပြားကြောင်း သိရှိရသည်။
“နာရေးအိမ်မှာ ဆုတောင်းပွဲလုပ်ဖို့ ပြင်နေတာ။ ချက်ပြုတ်တဲ့သူတွေကလည်း ချက်ပြုတ်နေကြတာ။ အဲဒီအချိန်မှာ လေယာဉ်နဲ့ ဗုံးလာကျဲတာ။ ပထမအကြိမ် ဗုံးကျဲလို့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့လုပ်နေတုန်း ဒုတိယအကြိမ် ထပ်ကျဲခံရတယ်။ အဲဒီမှာပဲ ပွဲချင်းပြီးသေတာ ၂၀ ကျော်တယ်။ လမ်းမှာ ဆေးရုံပို့ရင်းသေတာတွေလည်းရှိတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါကောင်ဂျာကျေးရွာတွင် ဗန်းမော်မြို့မှ စစ်ဘေးရှောင်လာသော ပြည်သူအများစု နေထိုင်ကြကြောင်း၊ ဗုံးဖြင့် ကျဲချချိန်တွင် ယင်းကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ဗုံးကျဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗန်းမော်မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီကျေးရွာမှာတော့မရှိဘူး။ အဲဒီရွာမှာ မြို့ပေါ်က စစ်ရှောင်လာသူတွေ နေကြတာလည်း များတယ်။ သေဆုံးဒဏ်ရာရသူတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျေးရွာပြည်သူတွေပါ” ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
လတ်တလော ဒဏ်ရာရရှိသူများတွင် ဒဏ်ရာ ပြင်းထန်သူများလည်း ပါသဖြင့် သေဆုံးသူ အရေအတွက်မှာ ထပ်မံတိုးများလာနိုင်ကြောင်း သိရှိရသည်။






