25 C
Yangon

မနက်ဖြန် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ဘားအံမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က ကော့ကရိတ်မြို့သို့ မဲပြန်ပေးရန် အတင်းအကျပ် ဖိအားစေခိုင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့သို့ မဲပြန်ပေးရန် အတင်းအကျပ် ဖိအားစေခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့၌ ပြုလုပ်မည့် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ ကို မဲပြန်ပေးရန် ဘားအံမြို့၌ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား အကြမ်းဖက် စစ်တပ်က အတင်းအကျပ် ဖိအားပေး စေခိုင်းနေခြင်းဖြစ်ပြီး မဲသွားပေးရန်အတွက် အသွားအပြန် ကားများပါ စီစဉ်ပေးထားကြောင်း သိရသည်။

ထိုသို့ မဲသွားပေးသော စစ်ဘေးရှောင်ပြည်သူများကိုလည်း ထောက်ပံ့ကြေးပေးသည့်အခါတွင်လည်း ဦးစားပေး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မဲမပေးသူများကို ထောက်ပံ့ကြေး ပေးမည်မဟုတ်ကြောင်း ပြောဆိုသွားကြောင်း၊ ယင်းသို့ မဲသွားပေးမည့် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေးကိုလည်း စစ်တပ်က တာဝန်ယူပေးခြင်း ရှိ၊မရှိကိုလည်း ပြောဆိုသွားခြင်းမရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဘားအံမြို့သို့ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများသည် ဧည့် စာရင်းဖြင့် နေထိုင်နေရခြင်းဖြစ်ပြီး မဲသွားပေးခြင်းမရှိပါက စစ်တပ်က ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်မည်ကိုလည်း စိုးရိမ်နေကြကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကော့ကရိတ်မှ တိမ်းရှောင်လာသူများကို ဧည့်စာရင်းတိုင်ကြားမှုများကို ကြည့်၍ နေအိမ်များထိပါ မဲပေးရန် လိုက်လံ ဖိအားပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဘားအံမြို့‌ပေါ်က ကော့ကရိတ် စစ်ရှောင်တွေကို မဲပြန်ပးဖို့ စစ်တပ်က ဖိအားပေးနေပါတယ်။ စစ်ရှောင်တွေက လတိုင်း ဧည့်စာရင်းတိုင်ပြီး နေနေရတာပါ။ အခုက အမည်စာရင်းနဲ့ကို ကော့ကရိတ်မဲပြန်ပေးဖို့ လာတာပါ။ ၂၅ ရက်နေ့မှာ သူတို့စုရပ်ကို လာဖို့ ကားအသွားအပြန် စီစဥ်ထားတယ်တဲ့ အစားအသောက်လည်း စီစဉ်ထားတယ်။ သူတို့ ယူလာတဲ့ မဲစာရင်းတွေကလည်း အမည်တွေမှားယွင်းနေတယ်။ အဲတာတွေ ပြန်ပြင်လို့ရတယ်ဆိုပြီး လွယ်လွယ်လေးပဲပြောသွားတယ်။ နောက်ပြီး ထောက်ပံကြေးပေးတဲ့အခါ မဲပေးထားတဲ့သူတွေကိုပဲ ပေးမှာတဲ့လို့ ပြောသွားတယ်။ သူတို့က ထောင်သားပုံစံလို လုပ်နေတာ အသွားအပြန် စီစဉ်ပေးမယ် ကိုယ်ပါကိုယ်သွားလို့မရဘူး။ ဘားအံနဲ့ ကော့ကရိတ် ခရီးလုံခြုံရေးကိုလည်း သူတို့တာဝန်ယူမယ်လို့ မပြောသွားပါဘူး။ မသွားရင်လည်း ဧည့်စာရင်းတိုင်ပြီး နေနေရတာဆိုတော့ ဖမ်းဆီးတာတွေ လုပ်မှာလဲ စိုးရိမ်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၃ အဖြစ် မြို့နယ် ၆၃ ခုတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း မြို့နယ်များအဖြစ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်ကျင်းပမည်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article