ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ဒေါ်စောခေါက်ဆွဲဆိုင်ပေါ်ကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဆိုင်ရှင်ဒေါ်စော၏သမီး ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက် နေအိမ် ၁ လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ ခေတ္တအပစ်ရပ်နေစဉ် မရှီကထောင် ရပ်ကွက်မှ စစ်ဘေးရှောင် ပြည်သူများသည် နေအိမ်များကို ပြန်လည် ဝင်ရောက်ပြီး ပစ္စည်းများယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူများ ရပ်ကွက်အတွင်းမှ ပြန်လည် ထွက်ခွာသွားစဉ် နံနက် ၉ နာရီခန့်မှစတင်ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် ထိတွေ့တိုက်ပွဲများသည် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးရှိ ထုံးဘိုရွာအနီးပတ်ဝန်းကျင်တွင် ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ပွဲ ပြင်းထန်နေသော အနီးအနားရှိ မရှီကထောင်ရပ်ကွက်၊ ဖားကန့်ဗျူဟာကုန်း ပတ်ဝန်းကျင် ၊ မြို့မ ရပ်ကွက်နှင့် ကလပ်ကုန်းရပ်ကွက်တို့တွင် ကျည်အများအပြား ကျရောက်ပေါက်ကွဲမှုရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ မရှီကထောင်ရပ်ကွက်အနီးမှ ရှေ့ဆက် မတိုးနိုင်သောကြောင့် လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ အလွန်အကျွံ အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ KIA ပူးပေါင်းတပ်များကလည်း အကြမ်းဖက် စစ်တပ်ကို အပြင်းအထန် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
“တိုက်ပွဲကတော့ ဖားကန့်မြို့အနီးမှာ ဆက်လက်ပြင်းထန်နေတုန်းပဲ စစ်ခွေးတွေကလည်း ရှေ့ဆက်မတိုးနိုင်ဘူး။ KIA ပူးပေါင်းတပ်ကလည်း အပြင်းအထန် ခုခံ တိုက်ခိုက်တယ်။ စစ်ခွေးစစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်တော့ လက်နက်ကြီးပစ်ကူတွေ အဆမတန် အသုံးပြု တိုက်ခိုက်နေလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာပါ။ တိုက်ပွဲက အခုချိန်ထိ ပြင်းထန်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်ရှိ ဆုတောင်းကုန်းတွင် ရောက်ရှိ နေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများ အတွင်း ခမရ ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ၃၈၁ တပ်ရင်း မှ စစ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသောကြောင့် ဆုကြေး ငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ၃၈၁ တပ်ရင်း မှ စစ်သား ၅ ဦး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ ထပ်မံ အလင်းဝင်ရောက်လာကြောင်း သိရှိရသည်။




