34 C
Yangon

နတ်တလင်း၊ ထီးလင်း၊ ဘားအံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ထိ ပေါင်းတည်မြို့နယ်၊ ကျွဲတဲကြီးကျေးရွာအနီး ဆည်ဘောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ၁၂၀ မမ လက်နက်ကြီး ၁၂ လုံးဖြင့် နတ်တလင်းမြို့နယ်အတွင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကံသာယာကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ၁၁ နာရီထိုးလောက်ကနေစပြီး ၂ နာရီခွဲလောက်ထိကို ပေါင်းတည်မြို့နယ် ကျွဲတဲကြီးရွာဘေးက ဆည်ဘောင်ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ လက်နက်ကြီးကျည်တွေက နတ်တလင်းမြို့နယ်ထဲက သခွတ်ကုန်းရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ထီးလင်းမြို့နယ်နှင့် ကျောက်ထုမြို့ အစပ်ကို ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင်လည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ထီးလင်းမြို့နယ်အတွင်းကို ထပ်မံကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် အတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လေယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ခုနှင့် ကား ၃ စီးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် အလူးကျေးရွာအုပ်စု ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းအဆောက်အဦး ၁ ခု ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကို ကျောက်ရေတွင်းရွာ ကိုကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁ လုံးနှင့် စက်သုံးဆီအရောင်းဆိုင်ဟောင်း ၁ ခုကို ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီခန့်တွင် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကား ၃ စီးနှင့် နေအိမ် ၁ လုံးဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article