ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KNU နှင့် PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြီး ဖာပွန်မြို့နှင့် ၄ မိုင်ခန့်အကွာ၊ ကမမောင်းမြို့နှင့် ၄၉ မိုင်ခန့်အကွာရှိ အကြမ်းဖက် စစ်တပ်၏ ဖာပွန်ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာနေသောကြောင့် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေကြောင်း၊ ထို့ပြင် ကတိုင်တိ စစ်တပ် စခန်းနှင့် ကမမောင်းမြို့ရှိ စစ်တပ် စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကြောင်း သိရသည်။
ယင်းဗျူဟာစခန်းကုန်းတွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၄၀ ၊ ၃၄၁ တပ်ရင်း နှင့် တဆရ-၂၁ စစ်ဆေးရုံတို့မှ စစ်သားများ စုဖွဲ့၍ ခုခံနေပြီး ဖာပွန်ဒေသ၏ အင်အားအကြီးဆုံး စစ်တပ် အခြေစိုက်စခန်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်ဘက်ကလည်း အသေများသလို ကျနော်တို့ တော်လှန်ရေးဘက်မှာလည်း အထိအခိုက်တွေများတယ်။ လေကြောင်းကလည်း ဗုံးကျဲမှုတွေကလည်း တောက်လျှောက်ပဲ။ သူတို့ဘက်က စစ်ကူနဲ့ ထိုးဖောက်ဖို့လည်းလုပ်နေကြတယ်” ဟု PDF စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗျူဟာကုန်းတွင် ကျန်ရှိနေသည့် စစ်တပ်စခန်းကို ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို ဗျူဟာကုန်းပတ်လည်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တစ်ကျော့ပြန် ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။




