28 C
Yangon

မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာ ဘက်တွင် တိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာ ဘက်တွင် တိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာ ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နေရာကို မိုးကုတ်မြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး စစ်တပ် ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများကို ဖွင့်လှစ်ရန် ပြုလုပ်နေကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ မြို့ပေါ် စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ မကြာမကြာ ထုနေတာ တနေကုန် နီးပါးပဲ အခုထိ လက်နက်ကြီးက ပစ်နေတုန်းပဲ ၁၁ ချက် လောက်ကျော်ပြီး ထုနေတာ နံနက် ၁၀ နာရီလောက်က စပြီး လက်နက်ကြီးတွေက တောက်လျောက်ကို ပစ်ကူပေး တိုက်ခိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းကလည်း မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာ ၁ ခုနှင့် စိုးမိုးကုန်း ၁ ခုတို့ကို PDF တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article