“စစ်တပ်ကို နိုင်မလား” ဆိုသော တရုတ်အရာရှိ၏ မေးခွန်းကို ထိုင်ဝမ်နှင့်တရုတ် ဥပမာပေး၍ ပြန်လည် ဖြေဆိုခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နှင့် ကသုံးလုံး အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတစ်ခုလုံးကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေးက စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အောက်ပိုင်းတစ်ခုလုံးကိုလည်း ဆက်လက်ထိန်းချုပ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုလိုက်သည်။
ယမန်နေ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်သော ၆၅ နှစ်မြောက် ကချင်တော်လှန် ရေးနေ့ အခမ်းအနားသို့ အွန်လိုင်းမှတစ်ဆင့် ပြောကြားသော မိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
လက်ရှိတွင် ကချင်ယူနစ်၊ ချင်းယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး ဟုခေါ်သော ကန့်ဘလူ၊ ကောလင်း၊ ကသာ အပါ အဝင် မြောက်ပိုင်းတစ်ခုလုံး တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ အထက်ပိုင်းတစ်ခုလုံးကို တည် ငြိမ်စွာ ထိန်းချုပ်နိုင်ရေးမှာ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အောက်ပိုင်းတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ချင်းပြည်အရေးကို အလေးထားပြီးတော့ ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်း အထက်ပိုင်း ကသုံးလုံးက Stable ဖြစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး Stable ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်း သိမ်းနိုငမှာဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါတယ်။ ချင်းပြည်အရင်းအမြစ်က တစ်နိုင်လုံးရဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ချင်းပြည်နဲ့ ကျနော်တို့ က ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုသည်။
နွေဦးတော်လှန်ရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြောဆိုရာတွင် စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် KIO က ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး တရုတ်နိုင်ငံသို့လည်း တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု အသိပေးခဲ့ကြောင်း၊ KIO က ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ တိုက်ပွဲများ ဖော်ဆောင်ရေးမှာ ရှောင်လွဲမရနိုင်ဟု အကြောင်းကြားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီမှာ KIO ဗဟိုကော်မတီ အစည်း အဝေး ကျင်းပပါတယ်။ ဆုံး ဖြတ်ချက်များကို အဲဒီနေ့မှာပဲ ချပါတယ်။ ဒါပေမယ့် လူထုကို ထုတ်ပြန်တာမလုပ်ဘူး။ အခြေအနေ စောင့်ကြည့်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ပါတယ်။ အဲဒီမှာ ပွင့်ပွင့်လင်းလင်းပဲ ကျနော်တို့က တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ အဲဒီတော့ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲရမှာဖြစ်တယ်။ တရုတ်အစိုးရ တိုက်ပွဲ တွေ မဖော်ဆောင်ဖို့ ပြောလည်း ကျနော်တို့ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုသည်။
ယင်းအပြင် တရုတ်နိုင်ငံက စစ်တပ်ကို နိုင်မည်လားဆိုသော မေးခွန်းကို မေးလာခဲ့ပြီး KIO က ထိုင်ဝမ်နှင့်တရုတ်ဥပမာကိုပေး၍ ဖြေဆိုခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုသည်။
“လွန်ခဲ့တဲ့ လတွေက တရုတ်နိုင်ငံက အဆင်မြင့် အရာရှိတစ်ဦးက အစည်းအဝေးမှာ ကျနော်တို့ကို မေးတယ်။ ခင် ဗျားတို့ရှိတဲ့ အရင်းအမြစ်နဲ့ အခု စစ်ကောင်စီကို နိုင်မယ်လို့ ထင်သလားလို့ မေးတယ်။ ကျနော်တို့က အရင်တုန်းက တရုတ်နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အမေရိကန်နဲ့ရုရှား ကူညီတဲ့ဘက်က နောက်ဆုံး ထိုင်ဝမ်ကို ထွက်ပြေးပြီး ဘယ်သူမှ မကူညီတဲ့သူတွေက နိုင်ခဲ့တာမဟုတ်ဘူးလားလို့ ပြန်မေးတော့ သူတို့က ဘာမှ မပြောတော့ဘူး။ ဖြစ်ရပ်မှန်တွေဆိုတော့”ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ ဆောင်ရွက်နေကြောင်း ၊ ပန်းတိုက်ရောက်ရှိရေး နိုင်ငံရေးနှင့် စစ်ရေး ဟန်ချက်ညီစွာ လမ်းကြောင်းမှန်အတိုင်း စုစည်းညီညွတ်စွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း သူက ဆက်ပြောဆိုသည်။
“တော်လှန်သော အင်အားစုများက မှန်ကန်သော လမ်ကြောင်းမှန်ပေါ်မှာ ရပ်ရမှာဖြစ်ပါတယ်။ စုစည်းညီညွတ်ရမှာဖြစ်ပါတယ်။ အပြန်အလှန် လေးစားရမှာဖြစ်ပါတယ်။ တော်လှန်သော အင်အားစုများလို့ ပြောတဲ့အခါမှာ လက်နက်ကိုင်တော်လှန်သော အင်အားစုတင်မဟုတ်ပါဘူး အကုန်လုံးကို ပြောတာဖြစ်ပါတယ်။ ဘယ်အချိန်မှာ တော်လှန်ရေးပြီးမှာလဲ ဘယ်အချိန်မှာ အောင်မြင်မှာလဲလို့ ခဏခဏ အမေးခံရတယ်။ ဒီမေးခွန်းက အကုန်လုံးနဲ့သက်ဆိုင်တယ်။ ကျနော်တီု့ အကုန်လုံး တော်လှန်သော ဘက်မှာရှိသလား။ ကျနော်တို့က တကယ်ပဲ အောင်မြင်ချင်တဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့အရင်းအမြစ်တွေကို ပါဝင်နေသလားဆိုတာကို ကျနော်တို့ပြန်ပြီး စိစစ်ဖို့လိုပါတယ်။ စစ်ရေးနဲ့နိုင်ငံရေးကို ပေါင်းစပ်ပြီး လိမ္မာပါးနပ်စွာ ဦးဆောင်မှုပေးနိုင်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ ပြည်သူရဲ့ နားလည်မှု ထောက်ခံမှုနဲ့ လိုက်နာမှု ပြည့်စုံမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။
ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးဂုဏ်သိက္ခာတိုက်ပွဲဖြစ်ပြီး လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ဝင်ရောက် တိုက်ခိုက်နေကြောင်း၊ အရင်းအနှီးကြီးမည်ကို သိသော်လည်း နိုင်အောင် တိုက်ခိုက်မည်ဖြစ်ကြောင်း သူက ဆိုသည်။
“ဒီအခု ဗန်းမော်တိုက်ပွဲမှာဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်သိပါတယ်။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျနော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျနော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်။ ဗန်းမော်ကို တက်တယ်။ ၁ နှစ်ကျော်သွားပြီ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ်။ အရင်းအနှီးများမယ်ဆိုတာ ကျနော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ အခုပြောသလို ဒီအထဲမှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ PDF ပါတယ်။ ဂေါ်ရခါးပါတယ်။ ရှမ်းနီပါတယ်။ချင်းတွေ နာဂ မျိုးစုံပါတယ်။ မြန်မာနိုင်ငံမှာ ရှိသမျှ အကုန်ပါတယ်။ ယောဆော အကုန်ပါတယ်။ အဲဒီတော့ တစ်ခါတစ်လေ မှာ ဗန်းမော်တိုက်ပွဲ အကြောင်းမေးတယ်။ ၁ နှစ်ကျော်ပြီ ။ ဟုတ်ပါတယ်။ ကျနော်တို့မှာရှိတဲ့ အရင်းအမြစ်နဲ့ တိုက်နေရတာဖြစ်တယ်။ ကျနော်က တစ်ခါ တစ်လေ ရီစရာအဖြစ် ပြောတယ်။ KIA/PDF တိုက်တာ ၁ နှစ်ကျော်တာလည်း ခင်ဗျားတို့မပြောနဲ့ ဗြိတိသျှ အစိုးရက ဗန်းမော်ကို သိမ်းတာ ၅ နှစ်ကျော်မှ ဗန်းမော်သိမ်းနိုင်တယ်။ ကျနော်တို့ လိုအပ်လို့ တိုက်တဲ့ တိုက်ပွဲမှာ အရင်းအနှီးတွေ အများကြီးပေးရပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ဆက်လက်ပြောဆိုသည်။
နွေဦးတော်လှန်ရေးတွင် ကြားကာလအနေဖြင့် ၄ နှစ်ခွဲမှ ၆ နှစ်အထိ ကြာနိုင် သည်ဟု ယခင်ကတည်းက ခန့်မှန်းခဲ့ကြောင်း၊ယင်းခန့်မှန်းသည့်ကာလသည် အပြီးသတ်မဟုတ်ဘဲ တိုက်ပွဲ ဖော်ဆောင်သည့်ကာလကို ခန့်မှန်းခဲ့ခြင်းဖြစ် ကြောင်း သူက ရှင်းပြသည်။
“ကြားကာလကို ကျနော်တို့ အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ အာဏာသိမ်းတဲ့နေ့ကစပြီး ပြည်ထောင်စုတွင် ခိုင်မာ သော အစိုးရတစ်ရပ် ပေါ်ပေါက်လာတဲ့အချိန်အထိ လို့ KIO ကအ ဓိပ္ပာယ်ဖွင့်ဆိုပါတယ် ။ အနည်းဆုံး ၄နှစ်ခွဲကနေ ၆ နှစ်ကြာမယ်လို့ KIO က အစကတည်းက ပြောပါတယ်။ ကြားကာလဆိုတာ တိုက်ပွဲ ဖော်ဆောင်တဲ့ ကာလ။ အားလုံး ပြီးစီးသွားတာမဟုတ်ဘူး။ ဒါကြောင့် အာဏာသိမ်းသော နေ့ကစပြီး ပြည်ထောင်စုတွင် ခိုင်မာသော အစိုးရတစ်ရပ်ပေါ်ပေါက်လာတဲ့အချိန်အထိ။ ခိုင်မာသော အစိုးရ မပေါ်ပေါက်မချင်း ဒါက ကြားကာလဖြစ်ပါတယ်။ ဒါပေမယ့် ကြားကာလ မှာ စစ်ပူကာလတွေ ရှိနိုင်တယ်။ ဆွေးနွေးသော ကာလတွေရှိနိုင်တယ်။ အသွင်ကူးပြောင်းရေးကြိုးစားတဲ့ကာလတွေရှိနိုင်တယ်။ တဖြည်းဖြည်းသွားရမှာဖြစ်ပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီ လုပ်မှ သာ အောင်မြင်တဲ့ သေချာတဲ့ ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုသင်္ည။
နွေဦးတော်လှန်ရေးတွင် KIO က ကချင်ဒေသတစ်ခုလုံး၏ လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်ယူထားပြီး KPICT မှ ကိုယ် စားလှယ်များက NUG တွင် ပါဝင်လျက်ရှိကြောင်း၊ အခြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်လက်တွဲ၍ နွေဦးတော်လှန်ရေးတွင် ပါဝင်လျက်ရှိကြောင်း သူက ရှင်းလင်းပြောဆိုသွားသည်။
” ဒီကနေ့ KPICT ကနေ စေလွှတ်တဲ့ ကိုယ်စားလှယ်များက NUG မှာပါဝင်လျက် ရှိတယ်။ စစ်ရေးအရ KIO က ကချင်ဒေသတစ်ခုလုံးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို တာ၀န်ယူပြီးတော့ အခြားသော အင်အားစုများနဲ့ တိုက်ပွဲတွေ ဖော်ဆောင်တယ်။ စစ် ကိုင်းတိုင်းမှာ စစ်ဒေသဖွင့်ပြီးတော့ ကျနော်တို့ အတူတကွ တိုက်ပွဲဝင်နေပါတယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်။ စစ် ကိုင်းတိုင်း မှာရှိတဲ့ အင်အားစုနဲ့ ကျနော်တို့ ကချင်အင်အားစုတွေက တံခါးပေါက်လုံခြုံရေးအတွက် သေချာ ပေါက်လုပ်ရမယ်” သူက ရှင်းလင်းပြောဆိုသည်။




