26 C
Yangon

လောင်းလုံးနှင့် ခမောက်ကြီး မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်၍ ထားဝယ်မြို့ဘက်မှလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ထားဝယ်မြို့ဘက်မှ စစ်အင်အား အများအပြား ပို့ဆောင်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်၍ ၁၄ ကြိမ် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ၃ လကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက နေ့စဉ် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“အဲစစ်ကြောင်းက ထားဝယ်မြို့ဘက်ကနေ ရွေးကောက်ပွဲအတွက်ဆိုပြီး နယ်မြေရှင်းတဲ့ အနေနဲ့ ပို့လိုက်တဲ့ စစ်ခွေးတွေ သူတို့တွေ လောင်းလုံးကို စရောက်တည်းက လောင်းလုံးမြို့ အောက်ဘက်မှာရှိတဲ့ ညှင်းမော်ရွာဘက်ကို ၁၄ ကြိမ် စစ်ကြောင်းထိုးခဲ့တယ်။ သူတို့ စစ်ကြောင်းထိုးတိုင်းလဲ တိုက်ပွဲတွေက နေ့စဉ်ကို ဖြစ်ပွားခဲ့တယ်။ အခု အဲစစ်ခွေးစစ်ကြောင်းက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လောင်းလုံးမြို့ပေါ်ကို ပြန်ဆုတ်သွားပြီ” ဟု လောင်းလုံးမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပကဖ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းဒေသကို စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ယုဇနဆီအုန်းကုမ္မဏီ ၊ I3 ဇုံအနီး တောင်ကြောပေါ်မှ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၁၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ကော့သောင်းမြို့နယ် ပကဖက ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မာရမ်းကျေးရွာသို့ရောက်ရှိပြီး ယာယီတပ်စွဲထားကြောင်း သိရသည်။

“ညဘက် တန်ဆောင်တိုင်လှည့်သလို သွားနေတုန်း ဆော်လိုက်တာ။ ထိထိတာကတော့ထိတယ်။ သူတို့အပေါ်တည့်တည့်ကျတာ။ အသေအပျောက်ကတော့ အတိအကျမသိရဘူး။ ၆ ယောက်ဒဏ်ရာ ရတယ်လို့တော့ ကနဦး သတင်းရထားတယ်။ ညဘက်ကြီးဆိုတော့ Video မှတ်တမ်းလည်းမရခဲ့ဘူး။ သူတို့က ကျနော်တို့ရှိတဲ့နေရာတွေ၊ စောင့်နေတဲ့လမ်းတွေကို ရှောင်ပြီးသွားကြတာ။ ကျနော်တို့က သူတို့သွားတဲ့နေရာကို လိုက်ဆော်နေရတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်း စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အေးချမ်းသာကျေးရွာကို ဝင်ရောက်ချိန်၌ အသက် ၅၀ အရွယ် ဦးအောင်ထွေးကို ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့ပြီး ဆီအုန်းခြံလုပ်သား ၄ ဦးအပါအဝင် လူငယ် ၁၀ ဦးကျော် ကို ဖမ်းဆီးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article