ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မုန်းမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၄၈ နှစ်အရွယ် ဦးဇော်ကြီး ထိမှန်သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်သီတာဝင်း၊ အသက် ၁၆ နှစ်အရွယ် မပုတိုမနှင့် ၁ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း ခင်ကြီးကျေးရွာအတွင်းသို့ ခမရ ၄၃၉ တပ်ရင်းက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ပျဉ်ရေကျေးရွာအတွင်းနှင့် လယ်ကွင်းအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၂၂ နှစ်အရွယ် မင်းကိုနိုင် သေဆုံးခဲ့ပြီး အသက် ၃၀ နှစ်အရွယ် နေလင်းဦး၊ အသက် ၄၅ နှစ်အရွယ် ထွန်းထွန်းဦးနှင့် အသက် ၄၆ နှစ်အရွယ် ဦးဆန်းလွင်တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ အင်ပုရစ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်စခန်းက ဇရပ်ခင်ကျေးရွာအတွင်းကို စက်တပ်လေထီးဖြင့် ဗုံး ၃ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးနှင့် ဓမ္မာရုံ ၁ ရုံ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိ၍ ကွီးဒိုခေါ်ရွာတွင် နေထိုင်သော စောလယ်ကပေါ်ဝါး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သပြေရေရွာကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖြူ ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ပေါက်မြို့နယ်၊ သပြေရေရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာပြင်ပတွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး။ ဗုံးတွေက ရွာထဲကျတာမဟုတ်ဘူး။ ရွာပြင်ကို ကျရောက်ပေါက်ကွဲတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်မှ စတင်ပြီး မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ထိ မကွေးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၄ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ ချက်ကန်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။






