28 C
Yangon

ဘီးလင်းတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ တိုက်ပွဲဖြစ်ပွား၊ လောင်းလုံး မောင်းမကန်နယ်မြေ အတွင်း စစ်တပ် စစ်ကြောင်းထိုးလာ၍ စစ်ရေးတင်းမာနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ပြီး ဘီးလင်းမြို့နယ်၊ ညောင်ထောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ လက်ရှိချိန်တွင် ညောင်ထောက်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအတွင်း တပ်ဖြန့်ထားသောကြောင့် ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး စစ်ခွေးတွေက ညောင်ထောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကို မီးရှို့နေတာ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ တိုက်ပွဲဖြစ်ပွားနေတာရှိပေမယ့် အခြေအနေ အသေးစိတ်တော့ ကျနော်တို့လည်း မသိရသေးဘူး။ ပြည်သူတွေလည်း ရွာထဲမပြန်ဝင်ရဲသေးဘူး။ စစ်ခွေးတွေ ရှိနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ စစ်ရေးတင်းမာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး လောင်းလုံးမြို့နယ် ခလရ ၁၀၄ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောင်းမကန်နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။

“မနေ့က ခလရ ၁၀၄ ကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက မောင်းမကန်နယ်မြေထဲကို ထပ်ပြီး စစ်ကြောင်းထိုးလာတာ အရင် မောင်းမကန်မှာ ဝင်မွှေသွားတဲ့ စစ်ခွေးတွေက မရှိတော့ဘူး။ အခုက ၁၀၄ ကနေ ထပ်ထွက်လာတာ စစ်ခွေးစစ်ကြောင်းထွက်လာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာတာတွေတော့ရှိတာပေါ့။ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူး” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း မောင်းမကန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို စိတ်ကြိုက် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် Faw ကား ၁ စီး၊ ဆိုင်ကယ်များနှင့် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခလရ ၁၀၄ တပ်ရင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူ ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article