ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မြန်မာစစ်တပ်က ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ကမ္ဘာ့ခေါင်းဆောင်များက လျစ်လျူရှုနေကြောင်း RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ရိုက်တာသတင်းဌာနထံသို့ ပြောဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ရိုက်တာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို ဝေဖန်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်း စစ်တပ်က အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသော် လည်း နိုင်ငံတကာ ခေါင်းဆောင်များက လျစ်လျူရှုနေကြောင်း ၊ထိုပဋိပက္ခအတွင်း အမှန်တကယ် ဝင်ရောက်စွက် ဖက်နေသော နိုင်ငံမှာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အရပ်သားတွေ ဒုက္ခအရမ်းရောက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီကိစ္စကို မလျစ်လျူရှုသင့်ပါဘူး။ ဒီကနေ့ခေတ်မှာ ငါတို့ ဘယ်သူ့ကို အားကိုးရမလဲဆိုတာတောင် မစဉ်းစားနိုင်တော့ဘူး” ဟု နိုင်ငံတကာ၏ ကူညီဆောင်ရွက်မှု အားနည်းချက်ကို ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောဆိုထောက်ပြသည်။
မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်အဖွဲ့၏ အချက်အလက်များအရ လွန်ခဲ့သည့် ၁၅ လအတွင်း လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားနေရာများ ၁,၀၀၀ ကျော် ကို ထိခိုက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အရပ်သား ၁,၇၀၀ ကျော် သေဆုံးခဲ့သည် ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့ ပဋိပက္ခအတွင်း ကျရောက်နေဆဲဖြစ်ပြီး၊ ဒီမိုကရေစီအစိုးရကို ဖယ်ရှားခံခဲ့ရသည်။
ဗိုလ်ချုပ်ကြီးရွက်ဆစ်က လက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း၊ စစ်ပွဲကို အဆုံးသတ်ရန် နိုင်ငံရေးဆွေးနွေးမှု မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် စစ်တပ်ထောက်ခံပါတီက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာခဲ့ပြီး၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သမ္မတဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ဗိုလ်ချုပ်ကြီးရွက်ဆစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ချီးကျူးကာ မင်းအောင်လှိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ကိုယ်ပိုင်အတ္တ၊ မာနနှင့် လောဘကြီးမှုတို့ကြောင့် လူတစ်ဦး၏ ဆန္ဒကို ပြည်သူ့ဆန္ဒထက် အရေးထားသော ခေါင်းဆောင်မှုက နိုင်ငံကို ပျက်စီးစေခဲ့သည်” ဟု ဆိုသည်။
တရုတ်နိုင်ငံအကြောင်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က “မြန်မာနိုင်ငံအရေးကို အမှန်တကယ် ဝင်ရောက်စွက်ဖက်နေတဲ့ နိုင်ငံက တရုတ်တစ်နိုင်ငံတည်းပဲ” ဟု ပြောခဲ့ပြီး အသေးစိတ်ကို မဖော်ပြခဲ့ပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် တရုတ်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်ကြီးရွက်ဆစ်က လက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ရန်၊ ဆွေးနွေးမှုဖြင့် အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး ကို ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။




