ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ‘KK Park 2.0’ ကျားဖြန့်ဝင်းအသစ် ထပ်မံပေါ်ပေါက်နေပြီး ယခင်ကဲ့သို့ ကျားဖြန့်ဝင်းများမှာ တစ်စုတစ်စည်းတည်း မဟုတ်တော့ဘဲ ကျားဖြန့်ဝင်းတစ်ခုချင်းစီအလိုက် ပုံစံသစ်ဖြင့် ပေါ်ထွန်းနေကြောင်း မလေးရှားတက်ကြွလှုပ်ရှားသူတစ်ဦးက ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ဖော်ပြောဆိုလိုက်သည်။
မြဝတီမြို့ရှိ ဖျက်သိမ်းလိုက်သော KK Park အနီး ၅ ကီလိုမီတာခန့်အကွာ တောနက်တစ်နေရာတွင် ခြံစည်းရိုး သံတိုင်အထပ်ထပ် ကာရံထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်စခန်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှား တက်ကြွလှုပ်ရှားသူ အင်ဒရူးဖူး (Andrew Foo) က ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ကျားဖြန့်ဝင်းအသစ်ကို Qingsong Park (သို့မဟုတ်) Thai Hoa Garden ဟု အမည်ပေးထားပြီး အဆိုပါစခန်းသည် လက်ရှိတွင် အလျင်အမြန် တိုးချဲ့တည်ဆောက်နေကြောင်း၊ ယင်းစခန်းကို “KK Park 2.0” ဟုလည်း ခေါ်ဆိုနေကြကြောင်း၊ ယင်းနေရာမှာ ဖျက်သိမ်းခံလိုက်ရသော KK Park နေရာဟောင်း၏ အနောက်ဘက် တောနက်သည့် တောင်ကုန်းများအတွင်းတွင် တည်ရှိကြောင်း သိရှိရသည်။
မြ၀တီမြို့နယ်ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းလုပ်ငန်းများသည် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ပူးပေါင်း နှိမ်နင်းမှုများကြောင့် “ပုံစံပြောင်းလဲကာ ပုံစံသစ်ဖြင့် အဆင့်မြှင့်တင်သည့်အခြေအနေရှိကြောင်း၊ ကျားဖြန့်ဝင်းများမှာ ယခင်ကကဲ့သို့ စခန်းကြီးတစ်ခုတည်းတွင် အဆောက်အအုံများစွာဖြင့် စုပေါင်းအခြေစိုက်ခြင်းမျိုးမဟုတ်ဘဲ “နေရာအနှံ့ ပျံ့ကျဲသွားပြီးမှ တစ်ခုချင်းစီပုံစံဖြင့် ရပ်တည်လှုပ်ရှားလာကြောင်း သိရှိရသည်။
ကျားဖြန့် စခန်းသစ်အတွင်းတွင် မလေးရှားနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေသည့် ရာဇဝတ်သားများက လုပ်ငန်းလည်ပတ်နေကြသည်ဟု ယူဆရပြီး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ (Telecommunications Fraud) လုပ်ကိုင်ရန်အတွက် မလေးရှားနိုင်ငံသား အနည်းဆုံး ၁၅၀ ခန့်ကို ထိုနေရာသို့ လှည့်ဖြားခေါ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းကျားဖြန့်စခန်းအတွင်း ပိတ်မိနေသူများထံမှ မလေးရှား တက်ကြွလှုပ်ရှားသူ အင်ဒရူးဖူး (Andrew Foo) ရရှိထားသည့် ပထမဆုံးဓာတ်ပုံများတွင် ၃ ထပ်မှ ၄ ထပ်အထိရှိသော အဆောက်အဦများကို တွေ့ရပြီး၊ ပြတင်း ပေါက်များတွင် လက်မဝက်ခန့်အထူရှိသည့် သံတိုင်များနှင့် သံဇကာများကို အထပ်ထပ် တပ်ဆင်ထားသည်ကိုတွေ့ရသည်။
ယင်းကျားဖြန့်စခန်းအနီးတစ်ဝိုက်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည့် သံစည်းရိုးများဖြင့် အထပ်ထပ်ကာရံထားပြီး လူသူကင်းမဲ့သည့် တောင်ကုန်းများက ဝန်းရံထားကြောင်း၊ ထို့ပြင် ကင်းလှည့်ယာဉ်များ၊ အားကစားကွင်းဟု ယူဆရသည့်နေရာနှင့် ဆောက်လုပ်ရေးပစ္စည်းပုံများကိုလည်း တွေ့မြင်ရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့က ရရှိခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ကျားဖြန့်ဝင်းအတွင်းရှိ အဆောက်အအုံ အိပ်ဆောင်ဝရန်တာများ၌ အဝတ်လှမ်းထားသည်ကို တွေ့ရသဖြင့် ထိုစခန်းအတွင်း လူအများအပြား ရှိနေသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် အဆောက်အအုံပေါင်း ၆၃၀ ကျော် ပါဝင်ခဲ့သည့် မူလ KK Park စခန်းဟောင်းမှာမူ တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းနှိမ်နင်းမှုများကြောင့် လုံးဝပြိုပျက်သွားခဲ့ပြီဖြစ်သည်။






