ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် တောင်သူများ ဘိုး ဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သော မြေယာ ၆၂၅ ဧကကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထား မထွက်ခွာလျင် အင်အားသုံးဖြေရှင်းမည်ဟု စစ်တပ်က အမိန့်ထုတ်ခြိမ်းခြောက်လာကြောင်း မြေသိမ်းခံတောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး-လွိုင်လင်ကားလမ်းမကြီး အရှေ့ဘက်နှင့် မြောက်ဘက်ပိုင်းရှိ တောင်သူများနှစ်ပေါင်းများစွာ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့ကြသည့် မြေယာများကို လျော်ကြေးရရှိခြင်း မရှိဘဲ အတင်းအဓမ္မမြေသိမ်းသွားကြောင်း ၊ လက်ရှိအချိန်တွင် အဆိုပါ မြေယာများပေါ်မှ ထွက်ခွာရန်နှင့် မထွက်ခွာပါက အင်အားသုံးဖြေရှင်းမည်ဟု စစ်တပ်က ခြိမ်းခြောက်ခံနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်
လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့နောက်ဆုံးထား၍ တောင်သူများ ထွက်ခွာရန်နှင့် မထွက်ခွာပါက အင်အားသုံးဖြေရှင်းမည်ဟု ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာပေးပို့ထားပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဒေသပြည်သူများ၏ နေအိမ်များကို ဖျက်၍ ထွက်ခွာရန် ခြိမ်း ခြောက်ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဖယ်ရှားရှင်းလင်းဖို့ လုပ်တဲ့ နေရာမှာ အိမ်ခြေ ၂၅၃ လုံးရှိပါတယ်။ လူဦးရေအားဖြင့် ၄၀၀ ရှိတယ်။ ပထမတုန်းက လာဖယ်ရှားခိုင်းတော့ ရဲ၊ ပြည်သူ့စစ်နဲ့ အလုပ်သမားတွေပါတယ်။ တောင်သူတွေနဲ့ ပြောတဲ့အခါ ဒါက အထက်အမိန့်ပါဆိုပြီး ပြောတယ်။ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ပါတယ်”ဟု ဒေသပြည်သူများက ပြောကြားသည်။
အဆိုပါ မြေနေရာများမှာ တောင်သူများ ဘိုးဘွားစဉ်ဆက်နေထိုင်လုပ်ကိုင်စားသောက်ရာ နေရာများ ဖြစ်သော်လည်း ၁၉၉၂ ခုနှစ် စစ်အစိုးရလက်ထက် စစ်တပ်က မြေဧက ၁၈၃၆ ဒသမ ၄၈ ဧက သိမ်းဆည်းခဲ့ကြောင်း၊ ထိုသို့ မတရား သိမ်းဆည်းခံခဲ့ရမှုအတွက် တောင်သူများ လျော်ကြေးတစ်စုံ တစ်ရာ ရရှိခြင်း မရှိသည့်အပြင် မိမိမြေတွင် ပြန်လည်စိုက်ပျိုးရန် ၊ စစ်တပ်ထံ သီးစားခပေးရခြင်း၊ ခံဝန်ကတိထိုး၍ စိုက်ပျိုးခဲ့ရကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း စစ်တပ်၏ စစ်ပစ်ကွင်းစီမံကိန်းကြောင့် စပါး ပြောင်း နှမ်းခင်းများ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မတရား သိမ်းဆည်းခံထားရသည့် မြေယာများဖြစ်သည့် မြေဧက ၁၈၃၆၀ ဒသမ ၄၈ ဧကထဲမှ ၁၄၁၁၇ ဒသမ ၉ ဧက ကို သမ္မတဦးသိန်းစိန် လက်ထက်တွင် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ပြန်လည်စွန့်လွှတ်ခဲ့ပြီး မူရင်းပိုင်ရှင် တောင်သူများထံ ပြန်ပေးနိုင်ရန် ဒေသဦးစီးအဖွဲ့ကို ပြန်ပေး/လက်လွှဲပေးခဲ့ကြောင်း၊ သို့ရာတွင် တောင်သူလက်ဝယ်သို့ မြေအနည်း အကျဉ်းသာ ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မရခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က ယခင် စွန့်လွှတ်မြေများကို ပြန်လည် သိမ်းဆည်းရန် ကြိုးစားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ဟိုပုံးမြို့ နည်းပညာတပ်က ၁၄.၁၁၇ ဒသမ ၉၈ ဧက ကို ထပ်စွန့်လွှတ်တယ်ဆိုတဲ့ မှတ်တမ်းရှိတယ်။ ၂၀၁၈ မှာလည်း ဟိုပုံး နည်းပညာတပ်က ၆၂၅ ထပ်စွန့်လွှတ်ခဲ့တယ်။ အခုလက်ရှိ တောင်သူတွေကို ဖယ်ရှားဖို့ လုပ်နေတဲ့ နေရာက ၆၂၈ ဧက ဧရိယာအတွင်းက နေရာတွေ ဖြစ်ပါတယ်။ ၆၂၅ ဧက စွန့်လွှတ်မြေနေရာကို ဒေသဦးစီးအဖွဲ့ တချို့နဲ့ ဌာနဆိုင်ရာ တချို့ ပေါင်းပြီး မြေဧက ၅၆၁ ဧကကို မြေလွှတ်၊ မြေလပ် ၊ မြေရိုင်း ပြန်လည်လျှောက်ဖို့ လုပ်ဆောင်ခဲ့ပြီး ၂၀၂၅ မှာ အစိုးရက ခွင့်ပြုပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုလုပ်တာကို လက်မခံနိုင်ပါဘူး” ဟု ဒေသတောင်သူများက ပြောကြားသည်။
လတ်တလောတွင် တောင်သူများ နေထိုင်နေသည့် နေရာများကို ဖယ်ရှား၍ အစားထိုးမြေကို တောင်သူများ ဆီမှ ပိုက်ဆံတောင်း၍ ချထားပေးသွားမည့် ပုံစံမျိုး လုပ်ဆောင်နေကြောင်း၊ အစားထိုးပေးမည့် မြေနေရာမှာလည်း မည်သည့် နေရာတွင် ရရှိမည် မသိရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“အစားထိုးမြေ ပြန်ရချင်ရင် မြေအကျယ်အလိုက် ၁၀ သိန်း၊ သိန်း ၂၀ ၊ သိန်း ၅၀ တောင်းနေတယ်။ အခုတော့ ဖေဖော်ဝါရီ ၂၇ နောက်ဆုံးထားထွက်သွားဖို့ ခြိမ်းခြောက်နေတယ်။ ဒီမြေနေရာတွေနဲ့ ပတ်သက်လို့ အသနားခံစာတင်တာတွေ၊ အထက်ဌာန နေပြည်တော်အထိ တင်ပြတာတွေ လုပ်ခဲ့ပေမယ့် မြေယာတွေက စစ်တပ်က စွန့်လွှတ်ထားပြီးဖြစ်တယ် ဒေသဦးစီးနဲ့ ခရိုင်ရုံးလက်ထဲမှာပဲ မြေယာတွေ ရှိတယ်လို့ အကြောင်းပြန်ခဲ့တာ” ဟုဒေသတောင်သူများက ပြောကြားသည်။
ထိုသို့ ဘိုးဘွားစဉ်ဆက် တောင်သူများ နေထိုင် လုပ်ကိုင်လာခဲ့သည့် မြေနေရာများကို တရား ဖယ်ရှားခြင်းကို လုံးဝ လက်ခံခြင်းခွင့်ပြုမည်မဟုတ်ကြောင်း ဒေသပြည်သူများက တညီတညွှတ်တည်း ပြောကြားသည်။
“လောလောဆယ်ရှိတဲ့ နေရာဒေသကို တရားဝင်ဖြစ်ချင်တယ်။အခုလို နည်းပေါင်းစုံနဲ့ ဖိအားပေးနေတာတွေက မလုပ်သင့်တော့ဘူး၊ မြေစာရင်းရုံးတို့ ၊ ထွေအုပ်တို့ကို သိန်း ၁၀၀ ပေးသွင်းရမယ်ဆိုလည်း ပေးသွင်းနိုင်တယ်။ စာတင်တယ်၊ ဆွေးနွေးတယ်၊ ပြောပြတယ် အခြေအနေတွေကို ။ ဒီအပေါ်မှာ တစ်စုံ တစ်ရာ ဖြေရှင်းပေးတာ၊ ကူညီပေးတာမျိုးတွေ မရှိဘူး။ လျစ်လျူရှုတာ ဖြစ်တယ်လို့ မြင်တယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။




