ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ဖန်တီးအသုံးပြုနိုင်ဟု ဒုစစ်ခေါင်းဆောင် အကြမ်းဖက် စိုးဝင်းက ပြောဆိုလိုက်သည်။
ယမန်နေ့ ရန်ကုန်မြို့၊ သု၀ဏ္ဏတွင် ပြုလုပ်သော တရုတ်ရိုးရားနှစ်သစ်ကူးပွဲ တက်ရောက်စဉ် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံက လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက် ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြုပ်နှံရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် ဩဂုတ်လ တရုတ်ခရီးစဉ်အတွင်း ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများ အကောငအထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်စီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေးရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေးရထားလမ်းသည် ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမ ခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူးမင်းရထားလမ်း စီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းများဖြစ်ကြောင်း စိုးဝင်းက ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့သော စစ်တပ်ကို တရုတ်နိုင်ငံက ဖက်လှဲတကင်းဆက်ဆံလျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှု အသစ်များ ရရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia ကလည်း ယမန်နေ့ပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။




