ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူးကို ရယူပြီးသည့်နောက် ပထမဆုံး အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ဇန်နဝါရီလကုန်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သော်လည်း မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး၊ မပြုရေးမှာ သဘောတူညီချက် မရရှိဘဲ အသိအမှတ်မပြု ဆိုသော မတင်မကျ ဆုံးဖြတ်ချက်ဖြင့် ပြီးဆုံးသွားခဲ့သည်။
အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအတွင်း မြန်မာရေးရာအပေါ် မတူညီသည့် သဘောထားများကြောင့် လက်ရှိအချိန်အထိ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတွင်သာ ဆက်လက်တည်ရှိနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့တွင် ယေဘုယျအားဖြင့် အဖွဲ့ ၃ ခု ကွဲနေကြောင်း ကျွမ်း ကျင်သူများက ဆိုသည်။
ပထမဖွဲ့မှာ မြန်မာရွေးကောက်ပွဲရလဒ်ကို အားနည်းချက်များရှိသော်လည်း လက်ခံစဉ်းစားပြီး “ပြောင်းလဲမှု” လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ကာ ရှေ့ဆက်လိုသည့် နိုင်ငံများဖြစ်သည်။ အာဆီယံသည် ယခင်ကအသုံးပြုခဲ့သည့် “ဒီမိုကရေစီသို့ ပြောင်းလဲမှု” ဟူသော စကားလုံးကို ယခုနှစ်များတွင် “နိုင်ငံရေးပြောင်းလဲမှု” သို့မဟုတ် “ပြောင်းလဲမှု” ဟူ၍သာ အသုံးပြုလာနေခြင်းသည်လည်း ထိုသဘောထားကို ဖော်ပြနေသည်ဟု ဆိုသည်။
ဒုတိယဖွဲ့မှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံခြင်းသည် စစ်အာဏာရှင်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်နှာသာပေး၊ ဖုံးကွယ်ခြင်းဖြစ်မည်ဟု စိုးရိမ်သည့် နိုင်ငံများဖြစ်သည်။ ၎င်းတို့၏ ရပ်တည်ချက်သည် ဒီမိုကရေစီအခြေခံထက် လူ့အခွင့်အရေးအခြေခံကို ပိုမိုအလေးထားထားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။
တတိယဖွဲ့မှာ စစ်တပ်၏ ရွေးကောက်ပွဲအပေါ် အာဆီယံ၏ အသိအမှတ်မပြုသည့် သဘောတူညီချက်ကို ထောက်ခံသော်လည်း အပြင်ပန်းတွင် မြန်မာစစ်တပ်နှင့် လျှို့ဝှက်သံတမန်ဆက်ဆံရေး ဆက်လက်ပြုလုပ်နေသည့် နိုင်ငံများဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟူသော လမ်းပြမြေပုံအစီအစဉ်ကို ချမှတ်ခဲ့ပြီး စစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများတွင် မဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အကောင်အထည်မဖော်နိုင်သေးဘဲ အခြေအနေတိုးတက်မှု မရှိသေးသည့်အခြေအနေတွင်သာ ရှိနေသည်။
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို လက်ခံယူထားပြီး မြန်မာရေးရာကို ဦးစားပေးအဖြစ် ထည့်သွင်းထားသည်။ သို့သော် ယခုကဲသို့ အာဆီယံအတွင်း မြန်မာ့အရေးအတွက် ဖြေရှင်းရေးဆိုင်ရာ သဘောတူညီချက်မရနိုင်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူပညာရှင်များက သတိပေးသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က အာဆီယံအနေဖြင့် မြန်မာရွေးကောက်ပွဲကို “ယခုအချိန်တွင် အသိအမှတ်ပြုသေး” ဟု ပြောကြားခဲ့ပြီး “ယခုအချိန်တွင်” ဟူသော စကားလုံးသည် အနာဂတ်တွင် ပြောင်းလဲနိုင်မှုရှိကြောင်း ညွှန်ပြနေသည်ဟု သုံးသပ်မှုများလည်းရှိသည်။
မလေးရှားနိုင်ငံသည် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပြီး အာဆီယံအနေဖြင့် စောင့်ကြည့်လေ့လာသူများ မပို့သင့်ကြောင်း ထောက်ပြထားသည်။ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် တီမောလက်စ်တီတို့သည်လည်း မလေးရှားနှင့် နီးစပ်သည့် ရပ်တည်ချက်ရှိကြောင်း ခန့်မှန်းကြသည်။
တစ်ဖက်တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့သည် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် သဘောထားရှိသည့် သဘောသက်သက် ပြသနေကြောင်း လေ့လာသူများက ဆိုသည်။ ထိုင်းနိုင်ငံက မြန်မာနှင့် နယ်စပ်ရှည်လျားစွာ မျှဝေထားပြီး ဒုက္ခသည်များကို လက်ခံထားရခြင်းကြောင့် လက်တွေ့ကျဆန်သည့် ချဉ်းကပ်မှုကို လိုလားနေသည်ဟု သုံးသပ်သည်။
စင်ကာပူနိုင်ငံ၏ ရပ်တည်ချက်မှာ သဘောတရားအပေါ် တည်ကြည်သော်လည်း လက်တွေ့ကျဆန်သည့် ချဉ်းကပ်မှုတစ်ရပ် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်သည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း အဓိပ္ပာယ်ရှိသော နိုင်ငံရေးတိုးတက်မှုအတွက် အပစ်အခတ်ရပ်စဲမှုနှင့် ပါဝင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ လိုအပ်ကြောင်း ပြောကြားထားသည်။
အာဆီယံအနေဖြင့် သဘောတူညီချက်အသစ် တစ်ရပ်မဖန်တီးနိုင်လျှင် အဖွဲ့၏ အရေးပါမှု လျော့နည်းသွားနိုင်ကြောင်း သတိပေးချက်များလည်း ရှိသည်။ အထူးသဖြင့် အခြား အင်အားကြီးနိုင်ငံတချို့က မြန်မာစစ်တပ်ကို အသိအမှတ်ပြုလာပါက အာဆီယံ၏ အခန်းကဏ္ဍ ပိုမိုအားနည်းလာနိုင်သည်ဟု သုံးသပ်ကြသည်။
သို့သော် အာဆီယံ၏ ရပ်တည်ချက်သည် တည်ငြိမ်မနေဘဲ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးနှင့် ပြည်ပရေးရာ မူဝါဒပြောင်းလဲမှုများအပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်းလည်း နိုင်ငံတကာအရေးကျွမ်းကျင်သူပညာရှင်များက ယူဆကြသည်။
ယခုအချိန်တွင်တော့ မြန်မာရွေးကောက်ပွဲအပေါ် အာဆီယံ၏ တစ်စုတစ်စည်းတည်း သဘောတူညီချက် ထွက်ပေါ်လာခြင်း မရှိသေးဘဲ အနာဂတ်တွင် မည်သို့ ဆက်လက်ရွေ့လျားမည်ဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေတစ်ရပ် ဖြစ်နေသည်။
အချို့ အကဲဖြတ်သူများက အာဆီယံအတွင်း မြန်မာ့အရေး ချည်းကပ်ပုံ တူညီမှုမရှိခြင်းသည် အဖွဲ့အတွင်း နက်ရှိုင်းသော အတွင်းပိုင်း ကွဲလွဲမှုများကို မီးမောင်းထိုးပြနေခြင်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။ တချို့အကဲဖြတ်များကမူ ၅ နှစ်ကြာလာသည့်အချိန်တွင် အာဆီယံ၏ ကိုင်တွယ်မှုမှာ “အရှက်ရစရာ အဖြစ် မြင်လာကြသည်။
အာဆီယံ၏ အခက်အခဲမှာ အဖွဲ့၏ အခြေခံမူတစ်ရပ်ဖြစ်သော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် မဝင်ရောက်ရဟူသော မူကို ထိန်းသိမ်းလိုခြင်းနှင့်အတူ ၎င်း၏ ယုံကြည်စိတ်ချရမှု မလျော့နည်းစေရန် အရေးကြီးသော မူအချို့ မထိခိုက်စေရန် သေချာစေရန်ကို တပြိုင်နက်တည်း ချိန်ညှိထိန်းသိမ်းရခြင်း ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ညှိနှိုင်းညီညွတ်သော တုံ့ပြန်မှု မရှိသေးခြင်းသည် အဖွဲ့အစည်းတွင် အာဏာပိုင်အဖွဲ့အစည်းတစ်ခုကို တာဝန်ယူခံစေရေး လုံလောက်သော အာဏာသက်ရောက်မှု မရှိကြောင်း ပြသနေသည်။
အာဆီယံ၏ မြန်မာစစ်တပ်အပေါ် ရပ်တည်ချက်သည် ပိုမိုသဘောထားပျော့ ပျောင်းလာပြီး လက်ခံထားသည့် သဘောထားသို့ ပြောင်းလဲသွားပါက ရေရှည်အနေဖြင့် မြန်မာစစ်တပ်က အနိုင်ရသူ ဖြစ်လာနိုင်သည်။
အာဆီယံ၏ ရပ်တည်ချက်သည် တည်ငြိမ်ရပ်တည်နေသည့်အရာ မဟုတ်ဘဲ ပြောင်းလဲရွှေ့လျားနေသည့်အရာတစ်ရပ်ဖြစ်ရာ အကောင်းဘက်သို့ ဆက်လက် ဖွံ့ဖြိုးပြောင်းလဲသွားမည်ဟု ယုံကြည်ကြောင်း အကဲခတ်တချို့က ဆိုသည်။
“အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေး ဦးစားပေးချက်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ချဉ်းကပ်ပုံတွေ ပြောင်း လဲလာတာ၊ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာနိုင်ခြေ ရှိပါတယ်။” ဟု စင်ကာပူနိုင်ငံ၊ ISEAS-Yusof Ishak အင်စတီကျုမှ အာဆီယံလေ့လာရေးဆိုင်ရာ အကြီးတန်း သုတေ သန အဖွဲ့ဝင် Ms Sharon Seahက သုံးသပ်သည်။
(The Straits Times တွင် ဖော်ပြထားသည့် To recognize or not? Behind ASEAN’s lack of consensus on the Myanmar polls ကို အကျဉ်းချုံး ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)




