ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ဂျာမနီနိုင်ငံ၊ မြူနစ်မြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ညီလာခံတွင် NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သူများ၏ စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုနှင့်စိန်ခေါ်မှုများ နိုင်ငံတကာသိစေရန် တင်ပြခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ ကျင်းပခဲ့သော ဂျာမနီနိုင်ငံ Munich Security Conference ၏ ၆၂ ကြိမ်မြောက် ညီလာခံ သို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပြီး မြန်မာပြည်သူလူထု က ပြောချင်သည့် စကား ၊ တော်လှန်ရေးအဖွဲ့အစည်းများက ပြောချင်နေသည့် တူညီသောအသံများ၊ ကြေညာချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
“ကျမတို့ရဲ့တာဝန်က ကျမတို့ တိုင်းပြည် ကျမတို့ တော်လှန်ရေး ကျမတို့ ပြည်သူတွေခံ စားနေရတဲ့ ခံစားမှုတွေ ကျမတို့ တော်လှန်ရေးအောင်မြင်မှု စိန်ခေါ်မှုတွေကို နိုင်ငံတကာက သိအောင် ပြောရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရောက်ခြင်းအားဖြင့် အခွင့်ရေးတွေ ဒီတာဝန်တွေကို ကျမ အကောင်းမွန်ဆုံး ထမ်းဆောင်နေပါတယ်။ တွေဆုံသင့် တွေ့ဆုံထိုက်တဲ့ တွေ့ဆုံခွင့်လည်းရတဲ့ နိုင်ငံခေါင်းဆောင်များ ဒါမှမဟုတ်ရင်လည်း သူတို့နဲ့ ပါလာတဲ့ သူတို့အဖွဲ့တွေ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ ကျမတို့တွေ့ဆုံပြီးတော့ မြန်မာ့အရေးကို ကျမတို့ ပရိုမိုးရှင်းလုပ်နိုင်တယ်။ နောက်ပြီးတော့ ကျမတို့ မြန်မာပြည်သူလူထု ပြောချင်နေတဲ့ စကား ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ ပြောချင်နေတဲ့ တူညီတဲ့ အသံတွေ ၊ ကြေညာ ချက်တွေ ဒီဟာတွေကို ကျမတို့က ပိုပြီးတော့ ပရိုမိုးရှင်းလုပ်နိုင်တယ်ပေ့ါ။ ကမ္ဘာသိအောင် ပြောနိုင်တဲ့အတွက်ကြောင့်မို့ လို့ ကျမတို့ မြန်မာပြည်သူလူထုကို စကားပါးချင်တာက ကျမတို့ တာဝန်ဝတ္တရားဆိုတာထပ် ပိုတဲ့ တိုင်းပြည်အမြန်ဆုံး စစ်ဖိနပ်အောက်ကနေပြီးတော့ စစ်အာဏာရှင်စနစ် အောက်ကနေပြီးတော့ လွတ်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစား ဆောင် ရွက်နေပါတယ် ဆိုတဲ့ သတင်းစကား ပေးချင်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောဆိုသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က အမျိုးသားညီညွတ်ရေး အစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်မှ စတင်ပြီး အဆိုပါ Munich Security Conference သို့ တက်ရောက်ခဲ့မှုမှာ ၄ နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်က Munich Security Conference ရဲ့ ၆၂ ကြိမ်မြောက် ပြုလုပ်တဲ့ ညီလာခံဖြစ်ပါတယ်။ ကျမ ဒီညီလာခံကို တက်ရောက်တာက စတုတ္ထအကြိမ်ဖြစ်တယ်ပေါ့နော်။ ဒီတော်လှန်ရေး ကာလ တာဝန်ထမ်း ဆောင်တဲ့အချိန် ပထမနှစ်က စလို့ စတင်ပြီးတော့ ဖိတ်ကြားပါတယ်။ ဖိတ်ကြားတဲ့အခါ တောက် လျှောက်တက်ခဲ့တယ်ပေါ့နော်။ ဒီနှစ်က စတုတ္ထအကြိမ်ဖြစ်တယ်။ ဒီမှာတော့ ကျမတို့ networking တွေ အများကြီး ရတယ်။ နောက်ပြီးတော့ တခြား ကမ္ဘာ့အရေးတွေ ကြားထဲမှာ ကျမတို့ က မြန်မာ့အရေးကို ကမ္ဘာ့ကအာရုံစိုက်လာအောင် စည်းရုံးရတယ်။ သိအောင်လုပ်ရတဲ့အခါကျတော့ ဒါ အင်မတန်ကြီးမားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။” ဟု သူက ရှင်းပြသည်။
အဆိုပါ ညီလာခံအတွင်း မြန်မာပြည်သူလူထုအသံ ၊ နွေဦးတော်လှန်ရေး၏ အပြုသဘော တိုးတက် မှုများ ၊ ပြည်သူတွေ ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ၊ တော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပျက်နေသည့် အခြေအနေများကို နိုင်ငံတကာစေရန် ပြောပြခဲ့ကြောင်း ဒေါ်ဇင်မာအောင်က ထုတ်ဖော်ပြောဆိုထားသည်။




