26 C
Yangon

BNRA အဖွဲ့ မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များကို စိတ်ဆန္ဒရှိပါက တော်လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန် စီစဉ်သွားမည်ဟု NUG က ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အဖွဲ့ မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များကို စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ် ရေးတပ်မ တော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင် ပူးပါင်းပါဝင်၍ တော် လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန် စီစဉ်သွားမည်ဟု NUG ကာကွယ် ရေးဝန်ကြီးဌာန က ကြေညာသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နှင့် ဆက်စပ်နေရာများတွင် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အမည်ဖြင့် ဒေသကာကွယ်ရေးအဖွဲ့ကို ဦးဆောင်သူ ဖြစ်သည့် နိုင်လင်း (ခ) ထင်လင်း (ခ) ဗိုလ်နဂါးသည် ပြည်သူ့တော်လှန်‌ရေးနှင့် တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်သည့် လုပ်ရပ်များကို ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ တပ်ဖွဲ့ဝင်များအား လုပ်ဆောင်စေခြင်း၊ တပ်ဖွဲ့ဝင်များ လုပ်ဆောင်သည်ကို မျက်ကွယ်ပြုခြင်း တို့ကို လုပ်ဆောင် ခဲ့ကြောင်း၊ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစသည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ တရားမဝင် အခွန်ဂိတ်များ ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နှင့်အတူ အများပြည်သူသုံးလမ်းများတွင် လူအင်အား (၅၀-၁၀၀) ဝန်းကျင်ဖြင့် အထိုင်စခန်း ချခြင်း၊ မိုင်းများထောင်ခြင်း၊ အများပြည်သူသွားလာမှုကိုအနှောင့် အယှက်ပြုခြင်း၊ အုပ်ချုပ်ရေး၊ ပညာရေး နှင့် ကျန်းမာရေး ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ မိမိတို့၏ စစ်ရေးအရ လှုပ်ရှားသွားလာမှုကို ကန့်သတ်နှောင့်ယှက်ရန်ကြိုးပမ်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း NUG က ပြောသည်။

BNRA က မိမိတို့၏ ဂိတ်စခန်းများကို စီးနင်းခြင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကိုပင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခြင်း၊ ၎င်းတို့၏ပြစ်မှုများနှင့် ပတ်သက်၍ အတွင်း ကျကျ သိရှိနိုင်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ဆက်လက်‌ဆောင်ရွက် လာနိုင်ခြေရှိခြင်း၊ ရန်သူအကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စသည့် လုပ်ရပ်များအတွက် ယုံကြည်ရလောက်သည့် အထောက်အထားများရှိနေခြင်းတို့ကြောင့် BNRA အဖွဲ့မှ ပြစ်မှုရှိသူများကို အရေးယူ ဆောင်ရွက်ရာတွင် သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်နှင့် တော်လှန်ရေး၏ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းရန် စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရကြောငး NUG က ဆိုသည်။

အဆိုပါ လုပ်ငန်းစဉ်ကို ဆောင်ရွက်စဉ် ပြည်သူလူထုအား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းအတွက်လည်း ဝန်ကြီးဌာနအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း နှင့် BNRA အဖွဲ့ မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များကို ၎င်းတို့ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင်ဖြစ်စေ ပူးပါင်းပါဝင်၍ တော်လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article