ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် တီမောလက်စတေး (Timor-Leste) နိုင်ငံက လုပ်ဆောင်နေသည့် ဥပဒေကြောင်းအရ အရေးယူရန် အားထုတ်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးသင့်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch – HRW) က ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာစစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စတေး သံရုံးအကြီးအကဲကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့ပြီး ထိုကဲ့သို့ နှင်ထုတ်ခြင်းမှာ တီမောလက်စတေး အာဏာပိုင်များက စစ်ကောင်စီ ထိပ်သီးခေါင်းဆောင်များကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် စတင်လုပ်ဆောင်လာခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းခဲ့သည့် အဆိုပါအမှုတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို အဓိက တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှုကို မည်သည့်နေရာတွင်မဆို ကျူးလွန်သည့် ရာဇဝတ်မှုကြီးများကို စုံစမ်းစစ်ဆေးခွင့်ရှိသော “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်” (Universal Jurisdiction) မူအရ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
HRW ၏ အာရှဒေသဆိုင်ရာ သုတေသနပညာရှင် Shayna Bauchner က တီမောလက်စတေး၏ လုပ်ဆောင်ချက်သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသည့် ဘေးဒုက္ခသည်များအတွက် ဒေသတွင်း စည်းလုံးညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက်များ ထိရောက်မှု မရှိဘဲ သဘောထားကွဲလွဲနေသည့်အချိန်တွင်၊ တီမောလက်စတေး၏ လုပ်ဆောင်ချက်သည် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေမည့် အရေးကြီးသော လမ်းကြောင်းတစ်ခု ဖြစ်လာကြောင်း HRW က ဆိုသည်။
ထို့ကြောင့် အာဆီယံနိုင်ငံများသည် အိမ်နီးချင်းနိုင်ငံမှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ဝန်လေးနေလေ့ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ တီမောလက်စတေး၏ တရားမျှတမှုအတွက် အားထုတ်မှုကို အပြည့်အဝ ထောက်ခံကူညီသင့်ကြောင်း HRW က အလေးအနက် တိုက်တွန်းထားသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ တီမောသံရုံး။ Photo- AFP ။




