ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ပြုလုပ်သော ကုလသမဂ္ဂ အမျိုးသမီးရေးရာအမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၆ ခုနှစ်ဆိုင်ရာ ပထမအကြိမ် ပုံမှန် အစည်းအဝေးတွင် သူကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှုတစ်လျှောက်တွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည် လိင်အခြေပြုအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုရန်စွယ်များကြောင့် အထူးထိရှလွယ်လာခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်တပ်မှ နိုင်ငံတစ်နံတစ်လျား၌ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၏ဒဏ်ကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိပါ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ မတရား စစ်အာဏာသိမ်း မှု ၅ နှစ်ကျော် ကြာမြင့်လာခဲ့ပြီး စစ်တပ်မှ ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒုက္ခအတိရောက်နေရသည့်လူဦးရေ အဆမတန် မြင့်မားလျက်ရှိကြောင်း၊ ပကတိဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ် အတည်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့်အန္တရာယ်ကို ပိုမိုမြင့်တက်စေလျက်ရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့်လည်း မိန်းကလေးငယ်များ ကိုယ်တိုင်နှင့် ၎င်းတို့၏ မိဘများအနေဖြင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် ရှင်သန်နေရကြောင်း၊ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းအတွက် စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများသည်သာလျှင် ပင်မခြိမ်းခြောက်မှုဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် မိတ်ဖက်ဆက်ဆံခြင်းသည် ကြံရာပါမြောက်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
ကုလသမဂ္ဂအပါအဝင် အလှူရှင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊အမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မြေပြင်တွင် လှုပ်ရှားနေသည့် ဒေသခံ မိတ်ဖက်အဖွဲ့များနှင့်သာ ဦးတည်၍ စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့အနေဖြင့် လာမည့် CSW70 အစည်းအဝေးတွင် “တရားမျှတမှု” အတွက် အဓိက နှိုးဆော်ရန် ပြင်ဆင်နေသည့်အလျောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းပြဿနာနှင့် စစ်အုပ်စု၏ ပြစ်ဒဏ်မှ ကင်းလွတ်နေမှုကို မရှည်ကြာစေသင့်ကြောင်း သူက ဆိုသည်။
ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် စစ်အုပ်စုမှ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချကာ ၎င်းတို့ တရားဝင်မှု ရရှိနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်နိုင်ရေးတို့အတွက် ကြိုးပမ်းနေသည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကန့်ကွက်ရန် သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် လူ (၇,၈၀၀) ကျော် စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၃ ဒသမ ၆ သန်းကျော်မှာ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ၂၂ သန်းခန့်မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့ အနက် ၁၀ ဒသမ ၄ သန်းကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ပြီး ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ပါဝင်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လက်နက်ကြီးများကို အသုံးပြုခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ပေါက်ကွဲလွယ်သောလက်နက်များကို အသုံးချခြင်းတို့ကို မဆင်မခြင် ကျူးလွန်နေရုံသာမက ၎င်းတို့ ကျူးလွန်မြဲကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို တစ်ပုံစံတည်း ဆက်၍ ဆက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။






