ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ရာထူးတာ ဝန်မှ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည် ခန့်အပ်ခြင်းမရှိသေးကြောင်း၊ အရေးယူမှုများ ဆက်တိုက်လုပ်ရန်ရှိ ကြောင်း NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်သည်။
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားမှုနှင့်ပတ်သက်ပြီး ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ စစ်ဆေးစဉ်ကနေ ယခုအချိန်ထိ ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ဆက် ပြီးအဲဒီနေရာမှာ စစ်ဆေးဖို့အတွက် ယာယီရပ်နားတယ်ဆိုတာ ထုတ်ထားတာတွေ့ရပါတယ်။ ယခုအထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်။” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း အမှုနှင့်ပတ်သက်၍ တာဝန်မှ ရပ်နားရန် စာထုတ်ရမည့်ကိစ္စများ ဆက်လက်ရှိနေကြောင်း၊ ပထမဦးဆုံး သတိပေးစာမှာ ပေါက်ကြားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ပြီးတော့ ကျနော်တို့စုံခုံမှာ အကြံပြုချက်တွေ သုံးသပ်ချက်တွေ ဒါတွေနဲ့ပတ်သက်လို့ရှိရင်နောက် ထပ် သတိပေးစာထုတ်ရမှာတွေရှိတယ်။ တာဝန်ကရပ်နားဖို့အတွက်စာထုတ်ရမှာတွေရှိတယ်။ နောက် ဆက်တွဲတွေများကြီးရှိပါသေးတယ်။ ဒါပေမယ့်အခုဟာက အဲဒီ Process တွေ ထဲကနေ အတွင်းစာက အပြင်ကနေပေါက်သွားတဲ့သဘောဖြစ်ပါတယ်။ ကြေညာချက်အနေနဲ့ထုတ်တာတော့ မဟုတ်ဘူးလို့ ဖြေကြားချင်ပါတယ်။ ကျနော်တို့စုံခုံအဖွဲ့က တွေ့ရှိချက်တွေကို ဝန်ကြီးချုပ်ဆီတင်ပြတယ်။ တင်ပြပြီးတဲ့အခါမှာ အရေး ယူဆောင်ရွက်မှုတွေကို တောက်လျှောက်လုပ်နေတာပါ၊ အခုထုတ်ပြန်လိုက်တဲ့စာဟာ အများပြည် သူကို ထုတ်ပြန်တဲ့စာမဟုတ်ခဲ့ပါဘူး။ သက်ဆိုင်ရာတိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေဆီပဲ ပို့ခဲ့ တာပါ။ မကြည်ပြာကို သတိပေးတယ်ဆိုတဲ့ဟာကို မကြည်ပြာဆီပို့တယ်။ အဲဒီစာက အပြင်ကို ပေါက် ထွက်သွားတယ်ဆိုတဲ့သဘောပါ။ ဒါက Public Statement အနေနဲ့ ထုတ်ပြန်ခဲ့တာမဟုတ် ဘူး။” ဟု စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ဝင် ဦးလွင်ကိုလတ်က ပြောကြားသည်။
ပြည်တွင်း မီဒီယာများသို့ ပေါက်ကြားခဲ့သည့် သတိပေးစာသည် ပထမအဆင့်ဖြစ်ပြီး ဆက်လက်ထွက်ရှိလာဦးမည်ဖြစ်ကြောင်း ၊ NUG အစိုးရအနေဖြင့် ယခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး သမာသမတ်ကျစွာ ဆုံးဖြတ်ချက်ချ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှ တွဲဖက်အတွင်းဝန် ၂၊ ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့ဝင် ဝန်ထမ်းဟောင်း ၁၉ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် မလျော်ဩဇာသုံး၍ ဝန်ထမ်းများအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။






