26 C
Yangon

ကျောက်ကြီးနှင့် ရွှေကျင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး၊ ဝက်လက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ခရိုင်ချင်းဆက်လမ်းကို PDF တပ်က ပိတ်ထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက စက်တပ်လေထီးဖြင့် ကျောင်းကုန်းကျေးရွာအတွင်းကို ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးပျက်စီးခဲ့ပြီး အသက် ၄၅ နှစ် အရွယ် စောမောင်ဖိုးအေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်လည်း ခလရ ၂၆၄ တပ်ရင်းက ဒရုန်းဖြင့် ရေတွင်းကုန်းကျေးရွာအတွင်းကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရွှေကျင်မြို့နယ်၌ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ချုံအင်းကျေးရွာထဲကို လာရောက် ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာစာသင်ကျောင်း၊ နေအိမ် ၁ လုံးနှင့် ဆိုင်ကယ်ပြင်ဆိုင်တို့ ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ညောလေးပင်ခရိုင်အတွင်း ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိသောကြောင့် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရကာ စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို PDF တပ်က ရက်အကန့်သတ်မရှိ အသုံးမပြုရန် ပိတ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်၍ ခရီးသွား ပြည်သူများအနေဖြင့် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ရက်အကန့်သတ်မရှိ အသုံးမပြုရန် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စစ်ကြောင်းထိုးနေလို့ စစ်ရေးကတော့ တင်းမာနေတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေဘက်လည်း အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို သွားလာတာတွေ မလုပ်ဖို့ ပိတ်ထားတယ်လို့ သိရတယ်။ ပြည်သူတွေလည်း တိမ်းရှောင်နေရတာတွေရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမကြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article