ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွာငံမြို့နယ်၊ အုတ်တွင်းရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အုတ်တွင်းကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ရွာငံမြို့နယ်ထဲက ကျေးရွာတွေကို ပတ်ထိုးနေတဲ့ စစ်ခွေး စစ်ကြောင်းပါ။ ရွာငံမြို့နယ် အုတ်တွင်းကျေးရွာ အနီးအနား တစ်၀ိုက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁၀ ကောင်သေပြီး ၂ ကောင်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ စစ်ခွေးတွေက ကျေးရွာတွေမှာ ခဏတဖြုတ် ထိုင်လိုက်၊ ဟိုရွာသွားလိုက် ဒီရွာသွားလိုက်နဲ့ အဲဒီလိုသွားပြီး ကျေးရွာတွေမှာ လိုက်ထိုင်နေတာပါ။ တိုက်ပွဲဖြစ်ပွားတဲ့နေရာက ရွာငံမြို့နဲ့ ၃ မိုင်လောက်ပဲကွာတယ်။ ရွာငံမြို့ အရှေ့ဘက်မှာဖြစ်တာပါ။ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေး ၂ ကောင်ကို အောင်ပန်းမြို့ ကုတင် ၇၀၀ ဆေးရုံကို ပို့ထားတယ်လို့ သိရတယ်”ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာငံမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းလျက်ရှိသည်။




