ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ် ဖလူးဒေသ ၊ မင်းလက်ပံရွာ နှင့် လေးကေကော်ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော ဖလူး ဒေသနှင့် မင်းလက်ပံရွာကို ပြန်လည် ရရှိရန် အပြင်းအထန် စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့် နေ့စဉ် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများ နေထိုင်သော ကျေးရွာများကိုပါ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများပါ ဘေးလွတ်ရာတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေပြင်တိုက်ပွဲများတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အကြိမ်ကြိမ် တပ်ပျက်၍ ဆုတ်ပြေးနေရပြီး စစ်မှုထမ်း တပ်သားသစ်များကို ရှေ့ဆုံးမှ ထား၍ တိုက်ခိုက်နေခြင်းကြောင့် လက်ရှိချိန်ထိ ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း၊ သို့သော် အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးရန် တပ်မ ၂၂ မှ စစ်မှုထမ်း တပ်သားသစ်များကို ထပ်မံ ဖြည့်တင်းနေကြောင်း သိရှိရသည်။
“ဖလူးဒေသ ၊ မင်းလက်ပံရွာ နှင့် လေးကေကော်ဘက်ကတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ အခုက တကြော့ပြန် တိုက်ပွဲတွေကြောင့် ထပ်ပြီးတိမ်းရှောင်လာကျတာ စစ်ခွေးတွေက ပြည်သူတွေနေတာ မနေတာ မသိဘူး။ ဆက်တိုက်ကို ဗုံးကျဲနေတော့ ပြည်သူတွေလည်း နေရပ်စွန့်ခွာလာရတာပေါ့။ အခုက စစ်ရှောင် ၁၀၀၀ ကျော်လောက်ရှိမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုစစ်ဘေးရှောင်ပြည်သူများကို REBEL YOUNG အဖွဲ့က ဝေမျှအတူစစ်ရှောင်ကူ ၂ ကမ်ပိန်းပြုလုပ်ပြီး စစ်ရှောင်အိမ်ထောင်စု ၄၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀၊ ဆီဘူး ၄၀၀ ကျော်၊ မာမားအထုပ် နှစ်ထောင်ကျော်၊ နို့ဘူး ၄၀၀ ကျော်၊ အဝတ်အစားများ လှူဒါန်းခဲ့သော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလပိုင်းကလည်း အကြမ်းဖက် စစ်တပ်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသကို မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း စစ်ကြောင်း မတိုးနိုင်ဘဲ အသေခံဒရုန်းများဖြင့်သာ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ ရုပ်အလောင်းများကိုပင် ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်ကစတင်ပြီး ကလေးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြို့အထွက်အနီးရှိ ရေလဲဦးရွာနှင့် ပေါက်ခုံရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူ ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဒီနေ့ နံနက်ပိုင်းက ကလေးမြို့ပေါ်က ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက မြို့အထွက်အနီးမှာရှိတဲ့ ရေလဲဦးရွာနဲ့ ပေါက်ခုံရွာကို ဝင်ရောက်စီးနင်းနေတာ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ အကုန်ပြေးနေရတော့ ဖမ်းဆီးခံရတဲ့သူရှိ၊မရှိ ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





