26 C
Yangon

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ မဲအနိုင်ရရှိစေရန် စစ်တပ်က စီစဉ်ပေးခဲ့ပြီး စစ်အရာရှိကြီးများကိုလည်း ကြံ့ဖွတ်အမတ်များအဖြစ် အရွေးချယ်ခံ အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ဟု KNU ဥက္ကဋ္ဌ ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ မဲအနိုင်ရရှိစေရန် စစ်တပ်က စီစဉ်ပေးခဲ့ပြီး စစ်အရာရှိကြီးများကိုလည်း ကြံ့ဖွတ်ပါတီမှ အရွေးချယ်ခံကာ အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျရောက်ခဲ့သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဂုဏ်ပြု မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့် စစ်အာဏာရှင်က ပြညသူတစ်ရပ်လုံးတောင်းဆိုသော ဖက်ဒရယ် ပြည် ထောင်စု စနစ် တစ်ခု တည်ဆောက်ရန် စိတ်ဆန္ဒမရှိဘဲ စစ်အာဏာရှင်များက တိုင်းပြည်ကို စိုးမိုးခြယ်လှယ်အုပ်စိုးရေးကို သာလုပ်ဆောင်နေကြောင်း၊ စစ်တပ်က လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အာဏာတည်မြဲရေးအတွက် ခံတပ်အဖြစ် ထားရှိပြီး စစ်တပ်၏ ကာကွယ်စောင့်ရှောက်မှုနှင့် ဆက်လက်ရှင်သန်ရေး အပတ်တကုတ် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်။

“တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့စစ်ဗျူဟာနဲ့ ကြံ့ခိုင်ရေးပါတီက မဲအနိုင်ရရှိဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စစ်တပ်က အရာရှိကြီးတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဝင်ရောက် အရွေးခံပြီး အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ပြီး ထာဝရအာဏာ ရရှိရေးအတွက် မသမာတဲ့နည်းဖြင့် လုပ်ဆောင်နေတယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌက ပြောဆိုသည်။

စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံကို စစ်တပ်ကသာလျှင် စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်နိုင်ရန် ပြဌာန်းထားသည့် အခြေခံဥပဒေ ဖြစ်သည့်အတွက် လုံးဝ ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အာမခံချက်ရှိပြီး လူမျိုးစုများတစ်ရပ်လုံးရဲ့ လွတ်လပ်ရေး၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အခြေပြုရမည်ဖြစ်ကြောင်းသူက ပြောဆိုသည်။

“ဒီလိုအာမခံချက်ရှိတဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံကို အစားထိုးရေးသား ပြင်ဆင်မှသာလျှင် တိုင်းပြည်ဟာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ရင် ဒီကနေ့ချင်းအမျိုးသား အပါ အဝင် လူမျိုးစု အားလုံးတို့ရဲ့ မွေးရာပါ အခွင့် အရေး၊ လူသားတစ်ဦး ချင်းရဲ့ အခွင့်အရေးတွေ ဆက် လက်ဆုံးရှုံးပြီး ဖိနှိပ်မှုကို ဆက်လက်ခံနေရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံကို စိုးမိုးခြယ်လှယ်နေတဲ့ အာဏာ ရှင်စနစ်ကို ဖယ်ရှားပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မိမိတို့လူမျိုးစုအားလုံး ပြည်သူတစ်ရပ်လုံးရဲ့ဘဝဝေးအေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ပြောဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရန် ချင်းအမျိုးသားအပါအဝင် လူမျိုးစုပြည်သူအားလုံး၊ တော်လှန်ရေးအင်အားစုများအားလုံး၊ နိုင်ငံရေး အစုအဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည် ထောင်စုကို ဘဝတူ လူမျိုးစု များ၏ တော်လှန်ရေး အင်အားစုနှင့်အတူ တိုက်ပွဲဝင် တည်ဆောက်ကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article