ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထားသော်လည်း အစိုးရသစ်တွင် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းရန် ဆွေးနွေးမှုများရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ပါဝင်မည့် နိုင်ငံရေး ရာထူး ဝန်ကြီး၊ ဒုဝန်ကြီးများ အပါအဝင် အုပ်ချုပ်ရေးကဏ္ဍ၏ အရေးကြီးသော ရာထူးများတွင် အခြားသော နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားများကိုပါ ထည့်သွင်းဖွဲ့စည်းရန် အဆိုပြုချက်များကို ဆွေးနွေးမှုများရှိနေကြောင်း၊ အထူးသဖြင့် ကြံ့ဖွတ်ပါတီတစ်ခုတည်းကသာ နိုင်ငံရေးရာထူးဆိုင်ရာ နေရာအားလုံးကို ရယူထားခြင်းမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ဖွဲ့စည်းရန် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု သိရသလောက်ကတော့ အစိုးရအဖွဲ့သစ်ကို အားလုံးပါဝင်အောင် ဖွဲ့စည်းမယ်ဆိုတာကို ဆွေးနွေးနေကြတယ်။ ဥပမာ ဒုတိယသမ္မတ ၁ နေရာကို တိုင်းရင်းသားကို ပေးမယ်။ အဲဒါကလည်း ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကမဟုတ်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ပေးမယ်ဆိုတာမျိုး ဆွေးနွေးနေကြတယ်လို့သိရတယ်။ နောက်တစ်ခါ နိုင်ငံရေးရာထူးနေရာတွေမှာ အခု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်လုံးကျွတ် နိုင်ငံရေးပါတီတွေကိုလည်း ဝန်ကြီးနဲ့ ဒုဝန်ကြီး လို နေရာမျိုးတွေမှာ အဆိုပြု ဖိတ်ခေါ်မယ်လို့ သိရတယ်။ ဆွေးနွေးချက်တွေက လက်တွေ့ ဖြစ်လာ၊ မလာကတော့ စောင့်ကြည့်ရမယ်။ အခု သိရတာကတော့ အစိုးရအဖွဲ့သစ်က အမျိုးသားညီညွတ်ရေးအစိုးရ အဖြစ် ဖွဲ့စည်းမယ်ဆိုပြီး သိရပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အစိုးရသစ်အဖွဲ့ ဖွဲ့စည်းရေးအတွက် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ အပါအဝင် ပါတီထိပ်တန်းတာဝန်ရှိသူတချို့နှင့် မင်းအောင်လှိုင်တို့အကြား ဆွေးနွေးမှုရှိနေသာ်လည်း အဆုံးအဖြတ်မှာ မင်းအောင်လှိုင်ကသာ ဆုံးဖြတ်ချက်ပေးခြင်းဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်၏ အမိန့်ကို လိုက်နာရခြင်းဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီအတွင်း မင်းအောင်လှိုင်၏ စီမံခြယ်လှယ်မှုအပေါ် သဘောမကျမှုများရှိနေသော်လည်း ငြင်းပယ်ခွင့် မရှိကြကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း သမ္မတရာထူး မည်သူရယူမည်ကို လက်ရှိ အချိန်အထိ ရှင်းရှင်းလင်းလင်း သေသေချာချာ တိတိကျကျ မသိရှိရသေးဘဲ စစ်တပ်သတင်းရင်းမြစ်များက လက်ရှိ စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး သမ္မတအဖြစ် တာဝန်ယူမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ပြောဆိုသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကပဲ သမ္မတလုပ်မယ်လို့ပဲ အခုအချိန်အထိ တပ်တွင်းထဲမှာ သိထားကြတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။




