31 C
Yangon

မင်းအောင်လှိုင် အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးရယူရန်အတွက် တပ်ချုပ်ရာထူးကို စွန့်လွှတ်မည်ဖြစ်၍ မင်းအောင်လှိုင်အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာနေကြောင်း တပ်သတင်းရင်းမြစ်၊ MDSI အဖွဲ့နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့က သုံးသပ်ပြောဆိုသည်။

လာမည့်မတ်လအတွင်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိနိုင်ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကျော်စွာလင်း၊ ဇော်ဟိန်းနှင့် ညွန့်ဝင်းဆွေတို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် ရောက်ရှိလာနိုင်ကြောင်း MDSI အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် အနားယူခဲ့ပါက တပ်ချုပ်၊ ဒုတပ်ချုပ် ၊ ညှိနှိုင်းကွက်ကဲရေးမှူး ကဲ့သို့ ရာထူးများ အပြောင်းအလဲရှိလာနိုင်ပြီး ယင်းနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ကျော်စွာလင်း၊ ဇော်ဟိန်းနှင့် ညွန့်ဝင်းဆွေတို့ပါဝင်လာနိုင်ကြောင်း သိရသည်။

လက်ရှိ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးလည်းဖြစ်၊ စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင်လည်းဖြစ်သူ ကျော်စွာလင်းမှာ ယခင်ကတည်းက တပ်ချုပ် ဖြစ်လာနိုင်သည်ဟု စစ်တပ်အတွင်း ရေပန်းစားသည်။

ကျော်စွာလင်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ထောက်ချုပ်တာဝန်၊ ယင်းနောက်စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်တွင် ပူးတွဲ တာဝန်ယူခဲ့သူဖြစ်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာခြင်းဖြစ်သည်။

ကျော်စွာလင်း၏ နောက်တွင် တပ်ချုပ်နှင့်ဒုတပ်ချုပ် ရာထူးနေရာအတွက် တန်းစီးနေသူများတွင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကလည်း အလားအလာ ကောင်းနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။

“ကိုကိုဦးက ထိပ်ပိုင်းနေရာလျာထားတဲ့ အလားအလာရှိတဲ့သူထဲပါဝင်နေတယ်လို့ သိရပါတယ်။ ကို ကိုဦး၊ ကျော်စွာလင်း၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေတို့ ထိပ်ပိုင်းရောက်လာနိုင်ပါတယ်။ လာမယ့် အပြောင်း အလဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနားယူခဲ့ရင် တပ်ချုပ်၊ ဒုတပ်ချုပ် ၊ ညှိုနှိုင်း ကွက်ကဲရေး မှူးလို ရာထူးတွေ ရရှိလာနိုင်ပါတယ်။ လာမယ့်မတ်လထဲမှာ ထိပ်ပိုင်းနေရာလျာထား ပြောင်းလဲမှု တွေရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ မကြာခင် တပ်မှူး၊ ဗျူဟာမှူး ရာထူးတိုးဘုတ် တွေရှိတယ်လို့ သိထားရပါတယ်” ဟု MDSI အဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

လက်ရှိ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၁၉၉၃ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၈ သို့ တက် ရောက်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် တပ်မတော်(ကြည်း) ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရကာ ထား ဝယ်အခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ရင်းတွင် တပ်စုမှူးတာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရ သည်။

ထို့နောက် ယခင် နအဖစစ်အစိုးရလက်ထက် ဒုစစ်ခေါင်းဆောင် ဦးမောင်အေး၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးခံခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် တပ်ခွဲမှူး၊ ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ရရှိခဲ့ကြောင်း၊၂၀၀၈ ခုနှစ်တွင် ဒုတပ်ရင်းမှူးအဖြစ် နေပြည်တော် အမှတ် ၃၀၂ ခြေမြန်တပ်ရင်းသို့ ရာထူးတိုးမြှင့်ရရှိသော် လည်း အမည်စာရင်းသာရောက်ရှိပြီး ဦးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် ဆက်လက်တာဝန် ထမ်း ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် မုံရွာမြို့အခြေစိုက် အမှတ် ၁၆ ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ရရှိ ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး နှင့် ကကကြည်း(စစ်ဆင်ရေး)တို့ တွင် စစ်ဦးစီးမှူး(ပထမတန်း)အဖြစ် ခန့်အပ်ခံရကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခံရပြီး အခြေချစစ်ဗျူဟာ(တာချီလိတ်) ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သိန္နီအခြေစိုက် စကခ(၁၆) ဒုစကခမှူးအဖြစ် ခန့် အပ်ခံခဲ့ရကြောင်း သိရသည်။

၂၀၁၇ ခုနှစ်မှာ ဖယ်ခုံအခြေစိုက် စကခ-၇ စကခမှူးအဖြစ် ရာထူးတိုးမြှင့်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စစ်ဦးစီးဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခန့်အပ်ခံရကာ နေပြည်တော် စကခ ၆ စကခမှူးတာဝန်ကိုပါ တွဲဘက်တာဝန်ယူခဲ့ရသည်ဟု ဆိုသည်။

၂၀၂၀ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ တွင် အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ်လည်းကောင်း ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ဆင်ရေးအထူးအဖွဲ့များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက် အ ရေးကြီးဆုံးဖြစ်လာသည့် ကစထ ၅ နေရာကို ပြောင်းလဲတာဝန်ပေးခံခဲ့ရကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အရာရှိငယ်ဘဝတွင် ဦးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် စစ် ရုံးတွင်သာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အရာရှိငယ်ဘဝ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ် လက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရင်းနှီးယုံကြည်မှု ရခဲ့သူဖြစ်ကြောင်း သိရ သည်။

အထက်အရာရှိ၏ လိုလားချက်ကို သိရှိအကင်းပါးပြီး အလုပ်တာဝန်ကို စနစ်တကျ လုပ်ဆောင်တတ် သဖြင့် ငယ်စဉ်ကတည်းက အရာရှိကြီးများ၏ ယုံကြည်မှုကို ရရှိခဲ့သူဖြစ်သည်ဟု ဆိုသည်။

စကခ ၁၆ ဒုစကခမှူး၊ စကခ ၇ စကခမှူး တာဝန်များ ထမ်းဆောင်ခဲ့စဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ် ဖားကန့်တွင် နယ်မြေစိုးမိုးစစ်ဆင်ရေးတာဝန်များ ကာလတို့တွင် ပါဝင်ခဲ့ဖြစ် ကြောင်း သိရသည်။

ထို့အပြင် လပခတိုင်းမှူး တာဝန်ထမ်းဆောင်စဉ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မန္တလေးမြို့ ဆန္ဒပြမှု များကို ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အဓိကတာဝန်ရှိသူ အဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် စည်းရုံးဆက်‌ဆံရေး ကောင်းမွန်ပြီး လက်အောက်ကို ပြန်ကြည့်သူ၊ အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်သူ၊ အခက်အခဲပြဿနာများကို တာဝန်ယူ ဖြေရှင်း တတ်သူ၊ တပ်ပိုင်းဆိုင်ရာနှင့် စစ်ရေးဗျူဟာ စီမံကွပ်ကဲမှုပိုင်းတွင် အားသာသူအဖြစ် အသိအမှတ်ပြု ကြသည်ဟု ဆိုသည်။

ကိုကိုဦးတွင် အားနည်းချက်အနေဖြင့် စိတ်မြန်လက်မြန် ရှိပြီး၊ သဘောမကျသူ အဆင်မပြေသူများကို နှိပ်ကွပ် လေ့ရှိကြောင်း သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် နိုင်ငံတကာအရေးများကို စိတ်ဝင်စားပြီး ကြိုးစားမှု၊ လေ့လာမှု အားကောင်းသူဖြစ်ကြောင်း၊အထူးသဖြင့် တရုတ်နိုင်ငံအရေး ပတ်သက်၍ သေချာစွာ လေ့လာခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

ယာယီနည်းဗျူဟာမှူးအဆင့်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နကတ) ကို တက်ရောက်ခဲ့ စဉ်က “တရုတ်-ဂျပန် ဆက်ဆံရေး” စာတမ်းဖြင့် ပထမရရှိခဲ့ကြောင်း သိရသည်။

အရာရှိငယ်ဘဝကပင် အလုပ်တာဝန်ကို စနစ်တကျ စီမံလုပ်ဆောင်တတ်သူ၊ ပေါ့ပေါ့ပါးပါး နေထိုင် ပြောဆိုတတ်သူ၊ အခက်အခဲပြဿနာများကို ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းတတ်သူအဖြစ် ပြောဆို ကြပြီး ကစထ ၁ မှူး အဖြစ် တာဝန်ယူစဉ် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် ကိုးကန့်တပ်(MNDAA)၊ တအာန်းတပ်(TNLA) တို့နှင့် အပစ်အခတ်ရပ်စဲနိုင်အောင် ညှိနှိုင်းဆွေးနွေး လုပ်ဆောင်ခဲ့သူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် နေပြည်တော် တပ်ကုန်းဇာတိဖြစ်ပြီး အခြေခံပညာရေးကို တပ် ကုန်း မြို့ အထက ၁ တွင် တက်ရောက်သင်ယူခဲ့သူဖြစ်ကြောင်း၊ ဇနီး ဒေါ်ထားထားဦး နှင့် သား ၁ ဦး၊ သမီး ၁ ဦး ရှိပြီး အမေရိကန်အစိုးရ နှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်း ချမှတ်ခံထားရသူ ဖြစ်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းမှာလည်း မင်းအောင်လှိုင် ယုံကြည်စိတ်ချရသောသူဖြစ်ရာ ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်း (DSA-38)မှာ စစ်ရေးချုပ်ဖြစ်လာသည်။ ထို့ကြောင့် ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးရာထူးအတွက် ရေပန်းစား တန်းစီနေသူများတွင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနာမည်က ရှေ့ဆုံးက ပြေးလျက်ရှိနေသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ကျောင်းဆင်းဖြစ်သော်လည်း ကယားပြည်နယ် ဝန်ကြီးချုပ် ဘ၀မှ စစ်ဘက်သို့ ပြန်ခေါ်၍ စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံရသော ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်မှာလည်း စစ်တပ်အတွင်း ထိပ်တန်းရာထူးတစ်ခု ရယူမည်ဆိုသော သတင်းက အကြီးအကျယ် ထွက်ပေါ်နေဆဲဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်မှာ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး မင်းအောင်လှိုင်သဘောကျသူများအနက်မှ တစ်ဦးဖြစ်သည်။

“ဒီဇော်မျိုးတင်ကတော့ နည်းနည်းထူးခြားတယ်ဗျ။ ထူးခြားတယ်ဆိုတာ သူ့အရင် ဒီလိုမျိုး စစ်ဘက်တာဝန်တွေကို ပြန်ပြီးပေးလေ့မရှိဘူး။ အခုသူက သူ့အပတ်စဉ်နဲ့ ကျော်စွာလင်းထက်ပါ စီနီယာကျနေတာကို တွေ့ရတယ်။ အဲ့တော့ ဒုတပ်ချုပ်ဖြစ်မယ်ဆိုရင်တောင်မှ သူ့ရဲ့ဂျူနီယာ ကျော်စွာလင်းကို ကျွန်တော်တို့က တပ်ချုပ်လို့ မှန်းထားတာကိုး။ အဲ့တော့ သူက ဒုတပ်ချုပ်တော့ ဖြစ်နိုင်ခြေနည်းတယ်။ ဒါပေမဲ့ နေရာတစ်ခုခုတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ကို ယူနီဖောင်းဝတ်လျက်ကြီး ထားတာက ထူး ဆန်းနေတယ်ပေါ့နော်။ မင်းအောင်လှိုင်ကတော့ အရူးကို အရူးဆိုတော့ လုပ်ချင်သလိုတော့ လုပ်မှာပဲ။ သူက ကျော်စွာလင်းနဲ့ဆိုရင်ကိုပဲ အပတ်စဉ်တွေ အများကြီးကွာတယ်။ အဲ့တော့ ဖြစ်ခြင်းဖြစ်ရင်တောင်မှ တပ်ချုပ်၊ ဒါမှမဟုတ်လည်း ကျော်စွာလင်းထက်ကြီးတာ ပေးမှရမယ်။ ဘာလို့လဲဆိုတော့ သူက ကျော်စွာလင်းထက် စီနီယာကျနေတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article