26 C
Yangon

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကတိပြု

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono)က ကတိပြု ပြောဆိုလိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ညီလာခံတွင် ဝန်ကြီး ဆူဂျီယိုနိုက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono) က ပါလက်စတိုင်းလွတ်လပ်ရေးနှင့် မြန်မာနိုင်ငံရှိ ပဋိပက္ခများအဆုံးသတ်ရေး အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အင်ဒိုနီးရှားက ဆက်လက်တွန်းအားပေးသွားမည်ဟု သူက ဆိုသည်။

အဆိုပါ အာဆီယံဘုံသဘောတူညီချက်များက မြန်မာ့ပဋိပက္ခကို အဆုံးသတ်ရန် အခြေခံအုတ်မြစ် ဖြစ်သင့်ကြောင်း ၎င်းက အလေးပေး ပြောကြားသည်။

ထို့ပြင် အာဆီယံအစိုးရချင်း လူ့အခွင့်အရေးကော်မရှင် (AICHR) ကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ယန္တရားများကို အားကောင်းလာစေရန် အင်ဒိုနီးရှားက ဆုံးဖြတ်ထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ပဋိပက္ခများကို ဖြေရှင်းရာတွင် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန် ယုံကြည်လေးစားမှုတို့ လိုအပ်ကြောင်း၊ ဖြေရှင်းချက်များကို အဓမ္မဖိအားပေး၍ မရကြောင်း ဝန်ကြီး ဆူဂျီယိုနိုက ဆိုသည်။

“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းတာဝန်ဝတ္တရား ဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ယခုကျင်းပသည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံသည် အင်ဒိုနီးရှားနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုလည်း ဖြစ်ပြီး ယခုညီလာခံကို ဂျီနီဗာမြို့ဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Sidharto R. Suryodipuro က ပထမဆုံးအကြိမ်အဖြစ် သဘာပတိအဖြစ် ဦးဆောင်ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါညီလာခံကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article