26 C
Yangon

ကွတ်ခိုင်မြို့၌ TNLA နှင့် MNDAA အကြား တင်းမာမှုဖြစ်ပွားပြီးနောက် ဒေသ ပြည်သူများ ရိုက်နှက်ခံရမှုအပေါ် TCSN ကန့်ကွက်၊ တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်း

Must read

ရန်ကုန် – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် PSLF/TNLA နှင့် MNTJP/MNDAA တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တင်းမာမှုများကြောင့် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ရိုက်နှက်မှုများ ရှိနေသည့်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) က ကန့်ကွက်လိုက်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့အတွင်း MNDAA တပ်ဖွဲ့ဝင်များက CCTV ကင်မရာများ လိုက်လံတပ်ဆင်ခြင်းကို TNLA ဘက်က ၎င်းတို့အုပ်ချုပ်သည့် နယ်မြေဖြစ်၍ ဖြုတ်သိမ်းပေးရန် တောင်းဆိုရာမှစတင်ကာ အချင်းချင်း အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တင်းမာမှုသည် တစ်ပတ်ကျော်ကြာလာသည်အထိ ပြေလည်မှုမရရှိဘဲ မြေပြင်ရှိ ပြည်သူလူထုကိုပါ ပစ်မှတ်ထားလာကြောင်း၊ MNDAA ဘက်က သစ်သားတုတ်၊ သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် ပြည်သူ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး၊ ယင်းအနက် ငေါ့ငါ့ကျေးရွာသား ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“ပြဿနာ စဖြစ်တာက အွန်လိုင်းပေါ်မှာ ပြောနေကြတဲ့အတိုင်းဘဲ ကွတ်ခိုင်မြို့ထဲမှာ MNDAA တွေ က CCTV ကင်မရာတွေ လိုက်တပ်ကြတယ်။ အဲဒါကို TNLA ဘက်က ၎င်းတို့ အုပ်ချုပ်တဲ့ မြို့ထဲမှာ ကင်မရာတွေ မတပ်ဖို့ ဖြုတ်ပေးဖို့ တောင်းဆိုရာကနေ အချင်းချင်း အငြင်းပွားပြီး စဖြစ်တယ်လို့ သိရ တယ်။ တပ် နှစ်ခုကြား အချင်းချင်း အငြင်းပွားရာကနေ ပြည်သူလူထုတွေကို ဖမ်းဆီးတာ၊ ရိုက်နှက် တာတွေလုပ်တယ်။ ပြီးတော့ ကုန်စည်သယ်ယူခွင့်တွေလည်း ပိတ်ပင်ထားတာတွေရှိတယ်။ သစ် သား တုတ်တွေ သံချောင်းတုတ်တွေက MNDAA ဘက်က အသုံးပြုတာဖြစ်တယ် လောလောဆယ် ရထား တဲ့ စာရင်းအရက ငေါ့ငါ့ကျေးရွာသား ၂ ဦးက ပြင်းထန် ဒဏ်ရာရထားတယ်။ သတင်းထွက်တာက ရွာ သား ၇ ဦးရိုက်ခံရတယ်။ ဒါပေမဲ့ စာရင်းတိတိကျကျတော့ မရသေးဘူး။ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက် နဲ့ပဲ စကားပြောရသေးတယ်” ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-TCSN မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့ (TWO) အပါအဝင် အဖွဲ့အစည်း ၆ ခုဖြင့် ဖွဲ့စည်းထားသည့် TCSN က MNDAA နှင့် TNLA တို့အနေဖြင့် မဟာမိတ်အဖွဲ့အချင်းချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ် ပုံချခြင်းနှင့် အကြမ်းဖက်ခြင်းများ မပြုလုပ်ရန်၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် ကုန်စည်သယ်ယူခွင့် ပိတ်ပင်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ မဟာမိတ်ချင်း အမြန်ဆုံးပြေလည်မှုရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုလမ်းစဉ်ဖြင့် ဖြေရှင်းရန် တိုက်တွန်းသည်။

PSLF/TNLA နှင့် MNTJP/MNDAA တို့သည် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ပြည်သူများကို ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများဖြစ်သည့်အလျောက် ယခုကဲ့သို့ အချင်းချင်း ပဋိပက္ခဖြစ်နေခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် ကျဆုံးသွားသည့် အာဇာနည်ရဲဘော်များကို ထောက်ထား၍ အမြန်ဆုံး ညှိနှိုင်းကြရန် TCSN က အလေးအနက် တိုက်တွန်းထားပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article