ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဈေးရောင်း ဈေးဝယ်နေကြသည့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၇ ဦးထိရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၄ ဦးထိရှိကြောင်း၊ ထို့ပြင် လူနေအိမ်နှင့် ဈေးဆိုင်ခန်းတချို့မှာလည်း မီးလောင် ပျက်စီးခဲ့ကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်သွားတာ အဲတာ ယိုးငူရွာဈေးတန်းကို ကျရောက်ပေါက်ကွဲပြီး ကလေးတွေ အပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်” ဟု စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုထားသည်။





