26 C
Yangon

သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိ ရဲစခန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းနှင့် ရေးမြို့နယ်ရှိ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ အနင်းရဲစခန်းအတွင်း၌ ဆောင်းဘောက်ဖွင့်ပြီး ကခုန်ပျော်ပါးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“သံဖြူဇရပ်မြို့နယ်၊ အနင်းရဲစခန်းကိုတော့ ဒရုန်းနဲ့ ညဘက်ကြီးသွားချတာ အဲဒီရဲစခန်းမှာ ဆောင်းဘောက်ဖွင့်ပြီးကနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ ဒရုန်းနဲ့ သွားချတာဖြစ်တယ်၊ ဗုံးသီး ၂ လုံး ချခဲ့တာဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုကတော့စုံစမ်းနေဆဲ ဖြစ်ပါတယ်။ပြီးတော့ သူတို့ဘက်ကလည်း သေဆုံးထိခိုက်မှုတွေ ပိတ်ထားတဲ့အတွက်ကြောင့် သတင်းယူဖို့ခက်နေတဲ့အခြေအနေရှိတယ်။ ဒါပေ မယ့် ဒရုန်းကင်မရာထဲကတွေ့ရှိချက်အရ စခန်းတည့်တည့်ကိုသွားကျတာဖြစ်တယ်။” ဟု မွန်ပြည် တော်လှန်ရေးတပ် (MSRF) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မိတလဉာဏ်က ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ အင်အား ၁၅၀ ခန့်ဖြင့် နှစ်ကရင်ကျေးရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးသို့ အင်အား ၁၅၀ ခန့်ဖြင့် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်း ၂ ကြောင်းခွဲပြီးတော့ တက်လာတာဖြစ်တယ်။ သူတို့က အင်အားအလုံးအရင်းနဲ့ကို ကျားထိုးတက်လာတာ၊ ပြီးတော့ လက်နက်ကြီးကလည်း အားကောင်းကောင်းနဲ့ တော်တော်လေး ပြင်းပြင်းထန်ထန်ပစ်တဲ့အခါကျတော့ ဝိုင်းပြီးပစ်ခံရတဲ့ အခြေအနေမှာ ရဲဘော်နှစ်ယောက် ဆုံးရှုံး လိုက်ရတာ။စစ်ကြောင်းက ဆက်ပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ သွေး စွန်းနေတဲ့ လွှတ်တော်မတက်ခင်မှာ အမှတ် ၈ လမ်းကို ထိန်းနိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးတာတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင် စီရဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီးတော့ သတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု မွန်ပြည် တော်လှန်ရေးတပ် (MSRF) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန မှတပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရေးပျောက်ကျား တပ် (YGF) ၊ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ နှင့် ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article