ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပြည်သူများကိုပါ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖားကန့်မြို့အနီး KIA ၊ KPDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုအတွင်း ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း ကျောက်စိမ်းတောင်တံတားပေါ် တွင် အကြမ်းဖက် စစ်တပ်က စစ်ဆေးရေးပြုလုပ်နေစဉ် ၎င်းတို့ မသင်္ကာသည့် ပြည်သူ ၁ ဦးကို ဖားကန့် ကျောက်ဝိုင်းထဲထိ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရသော ပြည်သူ ၁ ဦးလည်း လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဖားကန့် ကျောက်ဝိုင်းအတွင်းရှိ ဘိလိယက်ခုံထဲကို ရောက်ရှိလာပြီး ဘိလိယက်ထိုးနေသည့် ဖိုးငို ဆိုသူကို ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ဥရုရတနာ ကျောက်စိမ်းတောင် တံတားထိပ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က ထပ်မံဖမ်းသွားကြောင်း သိရှိရသည်။
“ဖားကန့်မြို့နားမှာ ဒီနေ့ စစ်ခွေးတွေနဲ့ KIA ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ နောက်ပြီး သူတို့ မသင်္ကာတဲ့ ပြည်သူတွေကိုလည်း စစ်ခွေးတွေက ပစ်ခတ်ဖမ်းဆီးတာတွေလည်း လုပ်ဆောင်သွားတယ်။ ပြည်သူ ၃ ဦး ဖမ်းဆီးခံရတယ်” ဟု ဖားကန့် သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသော ကင်းထောက် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့နယ်၊ သေတ္တရာကျေးရွာ ဆည်ဘောင်လမ်းအတိုင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ်မှ ဒရုန်းဖြင့် ကင်းထောက်နေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပုလဲမြို့နယ် သေတ္တရာရွာ ဆည်ဘောင်လမ်းအတိုင်း သူတို့က စစ်ကြောင်းထွက်မှာ။ အဲတာ စစ်ကြောင်းမထွက်ခင်မှာ ဒရုန်းနဲ့လားပြီးတော့ လမ်းကြောင်းတစ်လျှောက်ကိုကြည့်တယ်။ အဲ့လိုကြည့်တဲ့ ကောင်တွေကို ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်ဖို့ကို မိုင်းအရှေ့ကို စစ်ခွေးတွေက မရောက်တဲ့အခါကျတော့ သေနတ်တွေ့နဲ့ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့တာ။ အခုမြို့ထဲကနေပြီးတော့ ကြားရတဲ့သတင်းအရ စစ်ခွေးတွေဘက်က ၁ ကောင်သေတယ်။ ၁ ကောင် ဒဏ်ရာရတယ်” ဟု ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။




