29 C
Yangon

လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အကြမ်းဖက်စစ်တပ်က လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော် ၏ တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နောင်၀ိုးတပ်နယ်တွေ့ဆုံပွဲတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

လာမည့် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်း ပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးများကျင်းပရန် ခေါ်ယူထားကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။

စစ်တပ်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အကြမ်းဖက် စိုးဝင်းက ဆက်လက်ပြောဆိုသည်။

စစ်တပ်က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်းအကြမ်းဖက် စိုးဝင်းက ဆိုသည်။

သို့ရာတွင် စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီတစ်ခုတည်းဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်သူ့လွှတ်တော်အမတ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အမတ် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိနေခြင်းဖြစ်သည်။

လက်ရှိ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အတွက် သမ္မတ တင်မြှောက်ရမည်ဖြစ်ပြီး ကနဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ရမည်ဖြစ် သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့ ၃ ခုက ရွေးချယ်လိုက်သော ဒုတိယသမ္မတ ၃ ဦးအနက်မှ သမ္မတ ၁ ဦးကို ရွေးချယ်ရမည်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article