ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် စွန့်ပစ်ထားသော မဖြူဖြူအေး အသတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက အမှုမှန်ကို ဖုံးကွယ်ပြီး ကျူးလွန်ထားသူများကို ကာကွယ်ပေးထားကြောင်း မဖြူဖြူအေး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မဖြူဖြူအေးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Sky Club 1688 KTV မှ ညပိုင်းအပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တာချီလိတ်မြို့ပတ်လမ်းတစ်နေရာတွင် မဖြူဖြူအေး၏ အလောင်းကို စောင်ဖြင့်ထုပ်ကာ ဆားများသိပ်လျက် အထုပ်လိုက် စွန့်ပစ်ထားကြောင်း၊ မိသားစုက လူပျောက်ကြော်ငြာပြီးနောက် အသက် ၂၁ နှစ်အရွယ်ရှိ မဖြူဖြူအေး၏ အလောင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ လမ်းဘေးတွင် စွန့်ပစ်ထားသည့်ပုံစံဖြင့် ပြန်လည် တွေ့ရှိခဲ့ရကြောင်း
အသတ်ခံရသူ မဖြူဖြူအေး၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများစွာ အထင်အရှား ရှိနေသော်လည်း ရဲနှင့်စစ်တပ်က တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ အလောင်းကို သဂြိုလ်လိုက်ကြောင်း၊ သဂြိုလ်ရာတွင်
မိသားစုကို အသိမပေးဘဲ အလျင်စလို သဂြိုလ်လိုက်ခြင်းဖြစ်ပြီး အပုတ်နံ့ထွက်နေသည်ဟု အကြောင်းပြ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
ရုပ်အလောင်းကို ပြန်လည် တွေ့ရှိချိန်က လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ထားခဲ့သော်လည်း အနံ့ထွက်လာသည်ဟု အကြောင်းပြကာ မိသားစုထံ အကြောင်းကြားခြင်း မရှိဘဲ စစ်တပ်နှင့်ရဲက ချက်ချင်း သဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များက ရုပ်အလောင်းအား နောက်ဆုံးအနေဖြင့် မြင်ခွင့်မရလိုက်သလို၊ ကောင်းမွန်စွာ သဂြိုဟ်ခွင့်လည်း ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
မဖြူဖြူအေး ရက်ရက်စက်စက် အသတ်ခံရပြီး အလောင်းကို စွန့်ပစ်ခံခဲ့ရသော်လည်း ယင်းအမှုကို တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း၊ အမှုမှာ လူသတ်မှုဖြစ်သော်လည်း တာချီလိတ် (တခလ) ဗျူဟာမှူးနှင့် ရဲမှူး၊ တာချီလိတ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ Sky Club 1688 KTV နှင့် ရွှေအေးစေ တည်းခိုခန်းတို့ က အမှုအခင်းအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိဘဲ သာမန် သေမှုသေခင်းပုံစံဖြင့် လျစ်လျူရှုထားကြောင်း သိရှိရသည်။
မဖြူဖြူအေး နောက်ဆုံးသွားရောက်ခဲ့သည့် Sky Club 1688 KTV နှင့် ရွှေအေးစေ တည်းခိုခန်းများတွင် CCTV မှတ်တမ်းများ ရှိသော်လည်း ထုတ်မပေးဘဲ ဖုံးကွယ်ထားကြောင်း၊ ယင်းအပြင် ဆေးရုံကလည်း အလောင်းကို စစ်ဆေး၍ ဆေးမှတ်တမ်းများ ပြုလုပ်ရန် ပျက်ကွက်ခဲပြီး အလောင်းကို အလျင် စလို သဂြိုဟ်၍ သက်သေဖျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မဖြူဖြူအေးကို သတ်ဖြတ်ခဲ့ကြသည့် တရားခံဟု သံသယရှိဖွယ်ရှိနေသော သူများမှာ လက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နှင့် ရဲအရာရှိကြီးများနှင့်အတူ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်နေသည့် ငွေကြေးအင်အား တောင့်တင်းသူများ ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အာဏာပိုင်များသည် သက်သေများကို သိမ်းဆည်းရမိထားသော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ခြင်း မရှိဘဲ တရားခံများကိုသာ အကာအကွယ် ပေးလျက် ရှိကြောင်း၊ ကျန်ရစ်သူမိသားစုကမူ မဖြူဖြူအေးအတွက် နာရေးရက်လည်အစီအစဉ်ကို လုပ်ဆောင်ရန် သေဆုံးသည့် ရက်ကို ဖေဖော်ဝါရီလ ၂၂ ရက် (တနင်္ဂနွေနေ့) ဟုဖော်ပြပြီး လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရှိ နေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားတော်နာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။





