ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်အတွင်းရှိ KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကော်မရှင်တပ်များက နယ်မြေချဲ့ထွင်ရန် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံပြည်သူများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လှိုင်းဘွဲ့ (ပိုင်ကျုံ) မြို့နယ်အတွင်းရှိ KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ နယ်မြေဘက်သို့ နယ်မြေချဲ့ထွင်ရေးအသွင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်အား KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ကျုံဒိုးမြို့နယ်အတွင်းရှိ ပနွဲကျောင်းနှင့် ပညာပျံရွာများအတွင်း တပ်စွဲထားသော စစ်ကော်မရှင် တပ်သားများက သတ်မှတ်နယ်မြေထက် ကျော်လွန်လှုပ်ရှားလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သတိပေးဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်က လက်နက်ကြီးများဖြင့် မြို့ပေါ်နှင့် ကျေးရွာများအတွင်းသို့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျုံဒိုးမြို့ပေါ်နှင့် အနီးအနားကျေးရွာ ၂ ခုမှ ပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှီရသည်။
လက်ရှိတွင် ကျုံဒိုးမြို့အတွင်းရှိ ကြုတ်တူ၊ ပနွဲကျောင်းနှင့် ပညာပျံရွာများတွင် စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင် တပ်စွဲထားဆဲဖြစ်ပြီး ရွေးကောက်ပွဲပြီးဆုံးသော်လည်း တပ်ပြန်မဆုတ်ဘဲ တပ်အပြောင်းအလဲများ ပြုလုပ်နေခြင်းကြောင့် စစ်ရေးအရ တစ်စုံတစ်ရာ စီစဉ်နေပုံရသည်ဟု KNU စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကျုံဒိုးမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ KNLA နှင့်စစ်တပ်တို့အကြား နှစ်ဖက်စလုံးမှ စစ်ရေးအခြေအနေအား စောင့်ကြည့်လျက်ရှိပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်စစ်ကြောင်းကို KNLA တပ်များက ချေမှုန်းတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




