30 C
Yangon

မင်းအောင်လှိုင်က သမ္မတနှင့် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးရယူမည်ဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်ဖွယ်ရှိပြီး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးရယူမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ အငြိမ်းစားဗိုလ်ချုပ် ခင်ရီ သြဇာအာဏာကြီးမားလှသော လွှတ်တော်ဥက္ကဋ္ဌရာထူးကို ရယူရန်ရှိနေကြောင်း ပါတီတွင်းသတင်းရင်းမြစ်များက ပြောကြားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်ကောင်စီသည် လာမည့်လတွင် လွှတ်တော်အသစ် စတင်ခေါ်ယူသည့်အခါ အာဏာကို တရားဝင်လွှဲပြောင်းပေးမည်ဖြစ်သည်။

စစ်တပ်က ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ထိပ်သီးစစ်ဗိုလ်ချုပ်များသည် နိုင်ငံရေးတွင် ဆက်လက်သြဇာလွှမ်းမိုးထားနိုင်မည်ဟု မျှော်လင့်ရသည်။

ပါတီတွင်း သတင်းရင်းမြစ် (၃) ခု၏ အဆိုအရ USDP ပါတီဥက္ကဋ္ဌ၊ အငြိမ်းစားဗိုလ်ချုပ်နှင့် ရဲချုပ်ဟောင်း ခင်ရီက အဓိကကျသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူရန် လျာထားခြင်းခံရသည်ဟု သိရသည်။

ထိုရာထူးကို ရယူခြင်းဖြင့် ၎င်းသည် သမ္မတသစ် ရွေးချယ်တင်မြှောက်မှု၊ ဥပဒေများ အတည်ပြုပြဋ္ဌာန်းမှု၊ ဘတ်ဂျက်အတည်ပြုမှုနှင့် အရေးပါသော နိုင်ငံတော်ရာထူး ခန့်အပ်မှုများကို ကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။ ခင်ရီ၏ အနာဂတ်ရာထူးနှင့် ပတ်သက်၍ USDP ဘက်ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် နီးစပ်သည့် အခြားအငြိမ်းစားဗိုလ်ချုပ်များသည်လည်း ပထမနှင့် ဒုတိယ ဒုသမ္မတများ ဖြစ်လာနိုင်ခြေရှိသည်ဟု ဆိုသည်။

“ပါတီတွင်းမှာ စစ်ဘက်အရာရှိကြီးဟောင်းတွေ အများကြီးရှိနေတာကြောင့် သူတို့ရဲ့ အခန်းကဏ္ဍတွေကို ကြည့်ရင် ဦးခင်ရီအတွက် အမြင့်ဆုံးဖြစ်နိုင်တဲ့ ရာထူးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်ပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ထူးခြားသော အာဏာခွဲဝေမှုစနစ်အရ ဥပဒေပြုလွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားပြီး ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကိုလည်း စစ်တပ်ကသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်တွင်းစစ်ဖြစ်ပွားနေမှု၊ မဲပေးသူနည်းပါးမှုနှင့် ခိုင်မာသော အတိုက်အခံမရှိမှုတို့ကြောင့် USDP ပါတီသည် လွှတ်တော်နှစ်ရပ်စလုံး၏ အမတ်နေရာ ၈၁ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး လွှတ်တော်အာဏာကို စစ်တပ်လက်အောက်သို့ ထိရောက်စွာ ရောက်ရှိစေခဲ့သည်။

ထို့အပြင် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးယန္တရားနှစ်ရပ်စလုံးကို ကြီးကြပ်ရန်အတွက် အဖွဲ့ဝင် ၅ ဦးပါဝင်သော “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” (Union Consultative Council) ကို အသစ်ဖွဲ့စည်းသွားမည် ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် မင်းအောင်လှိုင်အနေဖြင့် စစ်တပ်အပေါ်ချုပ်ကိုင်မှုကို မလျှော့ချဘဲ သမ္မတရာထူးကို ရယူနိုင်ရန် လမ်းစဖွင့်ပေးခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

လွတ်လပ်သော နိုင်ငံရေးလေ့လာသုံးသပ်သူ ထင်ကျော်အေးကမူ လွှတ်တော်ဥက္ကဋ္ဌရာထူးသည် ဂုဏ်ဒြပ်ကြီးမားသော်လည်း အခမ်းအနားသဘောသာဆောင်သည့် ဒုသမ္မတရာထူးထက် ပိုမိုသြဇာသက်ရောက်မှုရှိသည်ဟု ဆိုသည်။

“ဒါဟာ သြဇာလွှမ်းမိုးမှုနဲ့ လုပ်ပိုင်ခွင့် အမြင့်ဆုံးရှိတဲ့ ရာထူးပါ။ သမ္မတမဖြစ်ဘူးဆိုရင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ အာဏာအရှိဆုံး ကျင့်သုံးနိုင်တဲ့ နေရာပါပဲ” ဟု ၎င်းက ရိုက်တာသတင်းဌာနထံသို့ ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ခင်ရီက မကြာသေးမီကပြုလုပ်သော USDP အစည်းအဝေးတစ်ခုတွင် ၎င်းအား ဒုသမ္မတလုပ်ရန် အလွတ်သဘော ကမ်းလှမ်းချက်အပေါ် “သေချာတာတစ်ခုကတော့ ကျွန်တော် လွှတ်တော်နှစ်ရပ်ထဲက တစ်ခုရဲ့ ဥပဒေပြုရေးကဏ္ဍမှာ ဦးဆောင်သွားဖို့ ရှိပါတယ်” ဟု တုံ့ပြန်ခဲ့ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article