ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
နိုင်ငံကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ၍ ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများကို စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် စီမံဆင့်ခေါ်လျက်ရှိပြီး ရပ်ကွက်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို သတင်းမှားဖြင့် မမှန်မကန်တိုင်ကြားမှုများကို အရေးယူမည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်တပ်၏ စစ်မှုထမ်းဆင့ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ စစ်ဗိုလ်ချုပ် မောင်မောင်အေးက ခြိမ်းခြောက် ပြောဆိုသည်။
ယမန်နေ့ ပြုလုပ်သော စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး အမှတ် ၁/ ၂၀၂၆ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားရန် လမ်းညွှန်ထားကြောင်း၊ ယနေ့ အထိ စစ်မှုထမ်းသင်တန်း အမှတ် ၁၉ အထိ သင်တန်းဆင်းခဲပြီး စစ်မှုထမ်းသင်တန်း ၃ ခုမှာ ဖွင့်လှစ်လေ့ကျင့်လျက်ရှိကြောင်း သူက ဆိုသည်။
စစ်မှုထမ်းဆင့်ခေါ်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှု ဆက်ဆံရေး ကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေး စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ရပ်ကွ့က်၊ ကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့် လည်းကောင်း၊ တစ်ဆင့် ကြားသိရသော သတင်းမှားများဖြင့်လည်းကောင်း တိုင်ကြားမှုများရှိနေကြောင်း၊ မှန်ကန်မှု မရှိဘဲ လုပ်ကြံပြောဆို ဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာ ဖော်ထုတ်အရေးယူသွားရန် လိုအပ်ကြောင်း၊ မမှန်မကန် တိုင်ကြားသဖြင့် တိုင်ကြားသူများကို အရေးယူခဲ့ရသည်များလည်း ရှိပြီး အရေးယူရန် ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် စစ်မှုထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းများသို့ မပို့ဆောင်မီ စုရပ်များတွင် စိစစ်ရာတွင် အသက်မပြည့်သေးသူများ၊ အသကကျော်လွန်နေသူများကို တွေ့ရှိရသဖြင့် ပြန်လည် စေလွှတ်ခဲ့ရသည်များရှိကြောင်း သူက ပြောဆိုသည်။
စစ်မှုထမ်းများ၏ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် National Services Information Management System- NSIMS ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မောင်မောင်အေးက ဆက်လက်ပြောဆိုသည်။
စစ်မှုထမ်းခေါ်ယူရာတွင် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ရွှေ့ဆိုင်းခွင့်ပြုထားသူများကို မှတ်တမ်းရေးသွင်း၍ ပြန်လည် ဆင့်ခေါ် ခေါ်ယူရမည့်အချိန်တွင် ရာနှုန်း ပြည့်ခေါ်ယူနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းသူက ထုတ်ဖော်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းများကို လစဉ် စတင်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၂ အထိ ရောက်ရှိလာပြီဖြစ်သည်။




