ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
အကြမ်းဖက်စစ်တပ်က စက်သုံးဆီအသင်းဥက္ကဋ္ဌဟောင်း ခင်စိုး၊ အတွင်းရေးမှူး ဝင်းမြင့်၊ ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့်နှင့်ရွှေကုန် သည် ၂ ဦး အပါအဝင် စီးပွားရေးသမား ၅ ဦးကို နိုင်ငံတော်၏ စျေးကွက် မတည်မငြိမ်ဖြစ်စေမှု၊ စီးပွားရေးစျေးကွက်ပျက်ပြားစေရန် အားပေးကူညီမှုများဖြင့် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် စက်သုံးဆီအသင်းဥက္ကဋ္ဌ ခင်စိုးနှင့်အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ဖေဖော်ဝါရီလ တတိယအပတ်တွင် ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၀၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ စစ်တပ်က ဖမ်းဆီးခဲ့သော ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ၁ မျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) ၊ အတွင်းရေးမှူး နေမျိုးထက် (ရွှေစင်အကယ်ဒမီ ရွှေဆိုင်) တို့ ၃ ဦးကိုလည်း ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေပုဒ်မ ၅ ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၀၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။
“သူတို့ ၅ ဦးစလုံးကို ထိထိရောက်ရောက် စံပြအဖြစ် အရေးယူပါဆိုပြီး အထက်က ညွှန်ကြားတယ်။ အာမခံမပေးဘဲ ၅ ဦးစလုံး ရမန်ယူထားပါတယ်။ သူတို့ရဲ ပတ်သက်တဲ့ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေဆီကို ပြန်လွှဲတော့မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ မှာ အရေးကြီးကုန်စည်များ (ဥပမာ- ဆန်၊ ဆီ၊ ဆေးဝါး အပါအဝင် အစိုးရသတ်မှတ်ထားသော အရေးကြီးကုန်စည်များ) ကို အစိုးရက ထိန်းချုပ်ထားစဉ် ဈေးတင်ရောင်းခြင်း၊ တရားမဝင်သိုလှောင်ခြင်းများ လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်သူ သို့မဟုတ် ကူညီပေးသူကို အရေးယူသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိနှင့် ငွေဒဏ်ကိုပါ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅မှာ အစိုးရက သတ်မှတ်ထားသော အရေးကြီးကုန် စည်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ ဝှက်ထားခြင်း၊ စည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့အတွက် အရေးယူနိုင်သော ဥပဒေ ပုဒ်မဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ ၁၀၉ သည် ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီခြင်း (Abetment) အတွက် ပြစ် ဒဏ်စီရင်ခြင်းဖြစ်ပြီး အဓိကပြစ်မှုအတွက် ပြဌာန်းထားသော ပြစ်ဒဏ်ကိုပင် ခံရနိုင်သော ပုဒ်မဖြစ်သည်။
အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံထားရသော စွမ်းအင်ဒုဝန်ကြီးဟောင်းသန့်စင်နှင့် ညွှန်ကြား ရေးမှူးချုပ် ရွှေမော်တို့နှင့်ဆက်စပ်၍ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌလည်းဖြစ်၊ APEX Terminal ပိုင်ရှင်လည်းဖြစ်သူ ခင်စိုးနှင့် စက်သုံးဆီအသင်းအတွင်းရေးမှူးလည်းဖြစ်၊ မြတ်မေတ္တာမွန်စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်လည်းဖြစ် ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
ခင်စိုးနှင့် ဝင်းမြင့်တို့ကို ဖမ်းဆီးလိုက်ပြီးနောက် စစ်တပ်က စက်သုံးဆီအသင်းဥက္ကဋ္ဌ အသစ်နှင့် အတွင်း ရေးမှူးအသစ်တို့ကို ချက်ချင်းရွေးချယ်ခိုင်းခဲ့ပြီး စက်သုံးဆီအသင်းဥက္ကဋ္ဌ အသစ်ဖြစ် New Day စက်သုံးဆီလုပ်ငန်းမှ ဦးမျိုးမြင့်ဆွေ ကိုလည်းကောင်း ၊ အတွင်းရေးမှူးအဖြစ် Max ကုမ္ပဏီမှ ဒေါ်နုနုဝေ ကိုလည်းကောင်း တင်မြှောက်ခဲ့သည်။
လက်ရှိ စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော စက်သုံးဆီအသင်းဥက္ကဋ္ဌဟောင်း ခင်စိုးမှာ အဏ္ဏဝါလွှမ်း ကုမ္ပဏီနှင့် ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC) ဥက္ကဋ္ဌလည်းဖြစ်သည်။ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် ထားဝယ်ခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်ပြီး Apex စက်သုံးဆီကုမ္ပဏီကိုလည်း ထူထောင်ထားသည်။
ခင်စိုးသည် ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေတို့တွင် စက်သုံးဆီဆိုင်၊ စျေးဝယ်စင်တာ၊ ဟိုတယ်တို့ကိုလည်း စီမံလုပ်ကိုင်နေသူ ဖြစ်ပြီး လက်ရှိ စစ်တပ်ခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် မြတ်ကိုနှင့်လည်း သူငယ်ချင်းများဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော စက်သုံးဆီအသင်း အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်မှာမူ မြတ်မေတ္တာမွန်စက်သုံးဆီကုမ္ပဏီကို အဓိက လုပ်ကိုင်နေသူဖြစ်ပြီး ယခင် ကြံ့ဖွတ်ပါတီမှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်ဟောင်းတစ်ဦးလည်းဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်သည်ဟုဆိုကာ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့ကို စစ်တပ်က ရာထူးမှ ထုတ်ပယ် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ဒုဝန်ကြီး သန့်စင်နှင့်ညွှန်ချုပ် ရွှေမော်တို့ကို ဖမ်းဆီးအရေးယူရာတွင် စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဆုံးရှုံးမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်က စက်သုံးဆီတင်သွင်းမှုနှင့်ဆက်စပ်နေသော မသမာမှုများ လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ကို ဆီကုမ္ပဏီများက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးခဲ့သည်။
ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည် ပေးသွင်းခဲ့ရသည့် ဆီကုမ္ပဏီကြီးများတွင် ခရိုနီဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက စစ်တပ်ထံသို့ ငွေကျပ် ဘီလီယံ ၁၈၀ ၀န်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ကျပ် ဘီလီယံ ၄၀ ၊ ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ကျပ် ၄၀ ၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀ ၊ ခရိုနီ အောင်ကိုဝင်းနှင့် ဆက်နွယ်နေသော Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ၊ Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံ အသီးသီး ပြန်လည် ပေးသွင်းခဲ့ရကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းမှုနှင့် ခွဲတမ်းချထားမှုတွင် မသမာမှု လုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်မှာ ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းစစ်အရာရှိတစ်ဦးလည်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုဥက္ကဋ္ဌ ၁ မျိုးသူဝင်းနှင့်အတွင်းရေးမှူး နေမျိုးထက်ကို ရွှေများ သိုလှောင်စျေးတင်ရောင်းချမှုဖြင့် ဆက်လက်ဖမ်း ဆီးထားရာမှ လက်ရှိတွင် အာမခံမပေးဘဲ ဖမ်းဆီးအမှုဖွင့်ထားပြီဖြစ်သည်။
စစ်တပ်က ရွှေကုန်သည် ၃ ဦးကို ဖမ်းဆီးရာတွင် အကြောင်းပြချက်အဖြစ် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေအလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်စျေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည် ရောင်းချရန် သိုလှောင်ထားခဲ့ ကြောင်း၊ ထို့အတူ ဒုတိယဥက္ကဋ္ဌ ၁ မျိုးသူဝင်းက အကယဒမီရွှေဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်စျေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ စျေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့ကြောင်း၊ အတွင်းရေးမှူး နေမျိုးထက်က အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်စျေးနှုန်းဖြင့် ဝယ်ယူကာ ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ စျေးနှုန်း ပြန်လည် မြှင့်တင်ရောင်းချခဲ့သည့်အတွက် ဖမ်းဆီးခဲ့သည်ဟု အကြောင်းပြသည်။
အကြမ်းဖက်စစ်တပ်က ပြည်တွင်းတွင် ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းများ မြင့်တက်သည့်အခါတိုင်း ရွှေကုန်သည်များနှင့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးခြင်း၊ ၀ရမ်းထုတ်ခြင်းများ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းတွင် ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နှင့် အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ဖူးသည်။





